အိမ်ထောင်ရှင်ပါလီမန်အမတ်နှစ်ဦးရဲ့ တိတ်တိတ်ပုန်းဗီဒီယိုဇာတ်လမ်း လူမှုကွန်ရက်သို့ရောက်ရှိလာ

၁၉. ၇. ၂၀၂၃
Translated by Htwe Ko Tun

စင်ကာပူနိုင်ငံရဲ့အိမ်ထောင်ရှင်ပါလီမန်ဥက္ကဋ္ဌနဲ့ ပါလီမန်အမတ်မတို့အကြား နှစ်ဦးသားတိတ်တိတ်ပုန်းဇာတ်လမ်း လေးကြောင့် ဇူလိုင်လ ၁၇ ရက်မှာပဲ နှစ်ဦးစလုံး ပါလီမန်က နုတ်ထွက်ကြရတဲ့အထိ ဟိုးလေးတကျော်ကျော် ဖြစ်ရပြီးတဲ့ နောက် နှစ်ရက်ပဲရှိသေး အတိုက်အခံ Workers’ Party(WP)က ဝါရင့် ပါလီမန်အမတ်နှစ်ဦးဟာလည်း အလားတူ တိတ်တိတ်ပုန်းဇာတ်လမ်းဖြစ်နေခဲ့ကြလို့ ပါလီမန်က ထပ်မံနှုတ်ထွက်ခဲ့ကြပြန်တာကြောင့် စင်ကာပူပါလီမန်ရဲ့ အရှက်ရစရာ အမတ်တွေကြား တိတ်တိတ် ပုန်းဇာတ်လမ်းလေးတွေက ဒီရက်ပိုင်းမှာ မဖုံးနိုင်မဖိနိုင် ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

အခုဇာတ်လမ်းမှာတော့ အဓိကဇာတ်ဆောင်နှစ်ဦးက WP ပါတီရဲ့ ပါလီမန်အမတ် အသက် ၅၃ နှစ်အရွယ် လီယွန် ပီရီရာနဲ့ ပါတီရဲ့ လူငယ်အဖွဲ့ခေါင်းဆောင် အသက် ၃၆ နှစ်အရွယ် နီကိုးလ်ဆီးတို့ပါ။ သူတို့နှစ်ဦးရဲ့ တစ်ယောက်လက် တစ်ယောက်ကိုင်ထားကြတဲ့ ဗီဒီယိုက လူမှုကွန်ရက်မှာပေါ်လာပြီးတဲ့နောက် နှစ်ယောက်စလုံးနုတ်ထွက်စာတင်သွားကြတာပါလို့ ပါတီခေါင်းဆောင် ပရီတမ် ဆင်းက ဇူလိုင် ၁၉ ရက်မှာ ပြောခဲ့ပါတယ်။

ဆင်း က “သူတိုနှစ်ယောက်စလုံးက သူတို့ကြား တိတ်တိတ်ပုန်းဇာတ်လမ်းလေးရှိခဲ့ရတာ ဝန်ခံသွားကြပါတယ်” လို့ ပြောခဲ့ပါတယ်။

သူက WP ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပါတီရဲ့ ပါလီမန်အမတ်တွေအနေနဲ့ ပါတီနဲ့ စင်ကာပူ ပြည်သူအတွက် ဆောင်ရွက်ရာမှာ ရိုးသားပြီးပွင့်လင်းရမယ်လို့လည်း ဆင်း က ဆိုခဲ့ပါတယ်။ သူတိုနှစ်ဦးစလုံးကလည်း အိမ်ထောင်ရှင်တွေဖြစ်ပြီး ကလေးတွေရှိကြတယ်လို့ ဆင်း က ပြောသွားပြန်ပါတယ်။

ဒါ့အပြင် ဆင်း က “၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက သူတို့က ဇာတ်လမ်းစခဲ့ကြပြီး ပီရီရာရဲ့ ယာဉ်မောင်းက ပါတီ အဖွဲ့ဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့သူတို့နှစ်ဦးကတော့ ငြင်းခဲ့ကြပါတယ်။ ဇူလိုင် ၁၇ ရက်မှာတော့ နှစ်ဦးသားဇာတ်လမ်း ဗီဒီယိုက လူမှုကွန်ရက်မှာတက်လာခဲ့ပြီးတဲ့နောက် မငြင်းနိုင်ဖြစ်ခဲ့ကြတာပါ။ ပါတီရဲ့ ပါလီမန်အမတ်တွေအနေနဲ့ ဒီလိုဖြစ်ရတာလက်မခံနိုင်ပါဘူး” လို့လည်း ဆိုခဲ့ပါတယ်။

အခုလို ရက်ပိုင်းအတွင်းမှာ စင်ကာပူနိုင်ငံရဲ့ ပါလီမန်အမတ်တွေ အချင်းချင်း တိတ်တိတ်ပုန်းဇာတ်လမ်းလေးတွေ မဖုံးနိုင်မဖိနိုင် ပေါ်ပေါက်ခဲ့တာက နိုင်ငံတစ်ဝန်း များစွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

Ref–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News