မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဥ် (ဓာတ်ပုံ- စီးပွားကူးသန်းဝန်ကြီးဌာန)

အဓိကပို့ကုန်ဖြစ်သော ရေချိုငါးတင်ပို့မှု ရပ်ဆိုင်းလုနီးပါးဖြစ်ပေါ်နေ

၁၉. ၇. ၂၀၂၃
Written by Ye Kyaw

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒေါ်လာကိုစိစစ်ပြီး လိုအပ်သည့်ပမာဏကိုသာ မှာယူတင်သွင်းနေသဖြင့် လက်ရှိတွင် စစ်တွေနှင့် မောင်တောနယ်စပ်မှ ပို့ကုန်တင်ပို့မှု ရာခိုင်နှုန်း ၉၀ ခန့်အထိ လျော့ကျခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ဘင်္ဂလားဒေ့ရှ်ရဲ့ သူတို့မှာလည်း ကျွန်တော်တို့ဆီကနေ Import သွင်းတယ်ပေါ့လေ။ ကျွန်တော်တို့သိထားတာက သူတို့ဘက်ကလည်း ဒေါ်လာနဲ့ ဝယ်ရတာဖြစ်တဲ့အတွက် သူတို့ဘက်ကလည်း ဒေါ်လာကို နည်းနည်းပြန်လည်စိစစ်ပြီးတော့မှ တကယ်လိုအပ်တဲ့ဟာတွေကို ဝယ်တဲ့အနေအထားဖြစ်သွားပါတယ်။ အဲဒီတော့ ဒီဘက်က ပို့တဲ့သူတွေကလည်း သူတို့ဘက်က မှာတဲ့ဟာလောက်နဲ့ ခွင့်ပြုတဲ့ပမာဏလောက်ပဲ ပို့လို့ရတာပေါ့” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့မှ ထွက်ရှိသည့် ရေချိုငါးများကို စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ရေချိုငါးတစ်မျိုးတည်း တင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၆၀ ကျော်အထိရှိသည်။ အခြားသော လယ်ယာထွက်ပစ္စည်း (ချင်း၊ ကြက်သွန်၊ အာလူး၊ ငရုတ်)၊ စက်မှုကုန်ချော (ဇီးယိုကဲ့သို့သော မြန်မာ့ရိုးရာ စားသောက်ကုန်များ)ကိုလည်း တင်ပို့နေခြင်းဖြစ်သည်။

“ခန့်မှန်းရသလောက်ဆို ရာခိုင်နှုန်း ၉၀ လောက် ကျဆင်းသွားတဲ့အနေအထားရှိပါတယ်။ အများဆုံးတင်ပို့ခဲ့တာက ရေချိုငါးပါ။ ရေချိုငါးကတော့ အဓိကထွက်ရှိတာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းရယ်ပေါ့။ အဲဒီဘက်ကထွက်ရှိတဲ့ ရေချိုငါးတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတိုင်း စစ်တွေနဲ့ မောင်တောကနေဖြတ်ပြီးတော့ တင်ပို့ခဲ့ရတာပါ။ အဲဒါကတော့ တင်ပို့မှုအကုန်လုံးရဲ့ ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းလောက်အထိကို ရှိပါတယ်။ ရေချိုငါးတစ်ခုတည်းပေါ့။ ကျန်တဲ့ဟာတွေကတော့ စိုက်ပျိုးရေးထုတ်ကုန်၊ စက်မှုထုတ်ကုန် အဲဒါကတော့ ဇီးယိုတို့ဘာတို့ပေါ့။ စိုက်ပျိုးရေးကထွက်တဲ့ ချင်းတို့၊ ကြက်သွန်တို့၊ အာလူးတို့ အဲဒါတွေပေါ့။ လက်ရှိကတော့ အကုန်လုံးကျဆင်းသွားပြီးတော့ ရေချိုငါးဆိုရင် အကုန်လုံးကျဆင်းသွားတဲ့အနေအထားရှိပါတယ်” ဟု ဦးတင်အောင်ဦးက ပြောသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလကျော်အတွင်း စစ်တွေနှင့်မောင်တောနယ်စပ်မှ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၇၉၄ သန်းသာရှိပြီး ယခင်နှစ်ကာတူတွင် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၃၁ ဒသမ ၁၉၇ သန်းအထိရှိသောကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ယခင်နှစ်ကာလတူထက် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂၈ ဒသမ ၃၅၃ သန်း (ရာခိုင်နှုန်း ၉၀ ကျော်) ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *