April 29, 2024

၁၉. ၇. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံမှာ လူအကြိုက်အများဆုံး Esports ကစားနည်းတစ်ခုလို့ ပြောရမယ့် MLBB (Mobile Legends: Bang Bang)ရဲ့ နိုင်ငံအလိုက်ကျင်းပတဲ့ အထင်ရှားဆုံးပြိုင်ပွဲဖြစ်တဲ့ MPL (Mobile Legends: Bang Bang Professional League)ဟာဆိုရင် မြန်မာနိုင်ငံမှာ နောက်ဆုံးကျင်းပခဲ့တာကတော့ ၂၀၂၀ ပြည့်နှစ်က ဖြစ်ပါတယ်။

တခြားနိုင်ငံရဲ့ MPL ပွဲစဉ်တွေကို အရင်ကလည်း မြန်မာနိုင်ငံက စိတ်ဝင်စားကြသူ ပရိသတ်တွေ ရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံက နာမည်ကြီးကစားသမားတွေဖြစ်တဲ့ Naomi နဲ့ နည်းပြ Zeya တို့ အင်ဒိုနီးရှား MLBB အသင်း RRQ (Rex Regum Qeon) ကို ပြောင်းရွှေ့ကစားခဲ့ပြီးနောက်မှာတော့ အင်ဒိုနီးရှား MPL (MPL ID) ကို မြန်မာနိုင်ငံက စိတ်ဝင်တစားနဲ့ ကြည့်ရှုအားပေးကြသူဦးရေမှာ သိသိသာသာလေးကို တိုးလာခဲ့ပါတယ်။

MLBB လောကမှာ အစဉ်အလာကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ MPL ID Season 12 ရဲ့ ပထမအပတ်ပွဲစဉ်တွေမှာတော့ RRQ Hoshi အနေနဲ့ နည်းပြ Zeya၊ မြန်မာကစားသမား Naomi တို့ရဲ့ လက်စွမ်းတွေနဲ့အတူ ၃ ပွဲကစား ၃ ပွဲအနိုင်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ MPL ကတော့ ၂၀၂၀ တုန်းက Season 5 နဲ့ ရပ်နားခဲ့တာဖြစ်ပြီး ဘယ်အချိန်မှ ပြန်ကျင်းပပေးရမလဲဆိုတာ မသိရသေးတဲ့ အခြေအနေမှာတော့ မြန်မာနိုင်ငံကနေ ပြည်ပထွက်ကစားတဲ့ MLBB ကစားသမားတွေဟာလည်း ၅ ယောက်ထက်မနည်း ရှိလာခဲ့သလို နာမည်ကြီးကစားသမားတွေထဲမှာ အနားယူသွားတဲ့သူတွေလည်း ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းနာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ Falcon Esports ဟာဆိုရင် Fenix အသင်းက ကစားသမားတွေနဲ့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သလို ရုရှားနိုင်ငံ၊ ကာဇန်မြို့မှာ ကျင်းပပြုလုပ်မယ့် Phygital Game ပြိုင်ပွဲအတွက် မကြာသေးမီက ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံ အပါအဝင် စုစုပေါင်း ၈ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မယ့် Phygital Game အတွက် Falcon ကစားသမားတွေက ကာဇန်မြို့ကို မနေ့ကတည်းက ရောက်ရှိနေခဲ့ကြပြီဖြစ်ကာ အဲ့ဒီပွဲရဲ့ ပွဲစဉ်တွေကတော့ မနက်ဖြန်က စတင်သွားမှာဖြစ်သလို လူစာရင်းအသစ်ရဲ့ ပွဲဦးထွက် လက်စွမ်းကိုတော့ စောင့်ကြည့်သွားရဦးမှာပါ။

မြန်မာနိုင်ငံအတွက် ဆုကြေးများစွာချီးမြှင့်နိုင်တဲ့ MPL လို တရားဝင်ပြိုင်ပွဲတွေ မရှိတာကြာခဲ့ပြီဖြစ်တာကြောင့် Esports အသင်းတွေအနေနဲ့ ရပ်တည်ဖို့ခက်ခဲနေကြတာတွေရှိပြီး ပြည်တွင်းမှာကျင်းပနေတဲ့ တချို့သော ပြိုင်ပွဲလေးတွေနဲ့ ရပ်တည်နေကြရတဲ့ အသင်းတွေလည်း ရှိနေပါတယ်။

ပြိုင်ပွဲကြီးတွေ များများရှိလေ အသင်းကောင်းတွေ ဒီထပ်ပိုပြီး ပေါ်ထွက်လာနိုင်မဲ့ အနေအထားရှိတယ်ဆိုတာ တခြားနိုင်ငံတွေရဲ့ ပြိုင်ပွဲတွေကို ကြည့်ရှုပြီးတော့ သိနိုင်ပေမဲ့ မြန်မာနိုင်ငံအတွက်တော့ အလှမ်းဝေးနေသေးတဲ့ အနေအထားဖြစ်နေတာကြောင့် နောင်လာမယ့် အနာဂတ်အတွက် ပိုပြီးတိုးတက်လာမယ့် မြန်မာ့ကိုယ်စားပြုအသင်းတွေ ထွက်ပေါ်လာဖို့ကတော့ ရှိနေတဲ့အသင်းတွေရဲ့ ဒီထပ်ပိုပြီး ကြိုးစားအားထုတ်မှုနဲ့ လက်စွမ်းတွေကိုတွေ့မြင်ရဖို့ လိုအပ်နေတာဖြစ်သလို ဒီနှစ်စတုန်းက လူငယ်လက်သစ်တွေ စုဆောင်းခဲ့တဲ့ အသင်းတချို့ရဲ့ အလားအလာကိုလည်း စောင့်ကြည့်သွားရမှာပါ။

အခုနှစ်အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့ MLBB Esports လောကရဲ့ အနာဂတ်ကို ဘယ်အသင်းတွေနဲ့ ဘယ်ကစားသမားတွေက ပုံဖော်သွားကြမလဲဆိုတာကတော့ စောင့်ကြည့်သွားဖို့ လိုအပ်သလို လာမယ့် M5 World Championship ပွဲစဉ်ကြီးမှာသာမက တခြားသော MLBB Esports ပြိုင်ပွဲတွေမှာပါ မြန်မာကိုယ်စားပြုအသင်းတွေအနေနဲ့ အောင်မြင်မှုတွေ ရရှိနိုင်ဖို့တော့ ပရိသတ်တွေက မျှော်လင့်နေကြမယ်ဆိုတာ အသေအချာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *