၁၉.၇. ၂၀၂၃
Written by Phyo Wei

၁။
ငွေဖောင်းပွမှုမြင့်တက်လာတာ၊ လုယက်ဓားပြတိုက်မှုတွေကြောင့် လက်ထဲမှာ ငွေမထားချင်တာ၊ တစ်ချိန်က PDF ထောက်ပံ့ခဲ့တဲ့ နယ်မြို့က ကြွယ်၀သူတွေဟာ မကြာခဏ ပြန်ပေးဆွဲ၊ ငွေညှစ်တဲ့ဒဏ်ကို မခံနိုင်လို့ နယ်မြေလုံခြုံရာ မြို့ကြီးတွေဆီ ပြောင်းရွှေ့လာတာ၊ ကျူးတွေ ဆက်တိုက်ရှင်းလာချိန်မှာတော့ အေးချမ်းတဲ့ ဒေသတွေက မြေစျေးတွေဟာ အလွန်အမင်းကို မြင့်တက်လာနေပါတယ်။

ဘယ်လောက်အထိ မြင့်တက်နေတာလဲဆိုရင် အရင်တုန်းက သိန်း ၂၀၀ လောက်နဲ့တောင် ဝယ်သူမရှိတဲ့ အရှေ့ဒဂုံလိုနေရာမျိုးက ရေမြုပ်နေတဲ့ ကွင်းလယ်မြေကွက်တွေကိုတောင် ပေ ၄၀၊ ပေ ၆၀ ဟာ သိန်း ၅၀၀ အထက် စျေးခေါ်လာတာပါ။

မြန်မာ့မြေစျေးတက်မှု ကြောက်ခမန်းလိလိတက်တာက မြောက်ဒဂုံလိုနေရာမျိုးတွေမှာ ပိုပြီးသိသာနေတာပါ။ အရင်တုန်းက သိန်း ၃၀၀၀ နဲ့ သိန်း ၅၀၀၀ ကြားပဲ ပေါက်စျေးရှိတဲ့ မြေကွက်တွေဟာ အခုဆို သိန်း ၁၅၀၀၀၊ ၂၀၀၀၀ ပတ်ခြာလည်ဖြစ်လာတာပါ။

“လမ်းမတန်းပေါ် မြေကွက်တွေက အခုဆို ငါးဆလောက် စျေးတက်လာတယ်။ အတွင်းကွက်တွေကတော့ ၂ ဆ၊ ၃ ဆပေါ့။ ဥပမာ လမ်းမတန်းမှာ အရင်တုန်းက သိန်း ၃၀၀၀ တန်လောက်က အခုဆို သိန်း ၁၀၀၀၀ နဲ့ ၁၅၀၀၀ လောက်ပဲ။ အတွင်းလမ်းကျတော့ အဲဒီလောက်မတက်ဘူး။ အရင်တုန်းက သိန်း ၅၀၀ ဆို အခုက သိန်း ၁၀၀၀ ပတ်ခြာလည်ပဲ” လို့ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

၂။

အိမ်ခြံမြေစျေးတွေ ခုန်တက်လာရခြင်းရဲ့ အဓိကအချက်ကတော့ ငွေဖောင်းပွမှုမြင့်တက်လာတာ၊ လုယက်ဓားပြတိုက်မှုတွေကြောင့် လက်ထဲမှာ ငွေမထားချင်တာ၊ တစ်ချိန်က PDF ထောက်ပံ့ခဲ့တဲ့ နယ်မြို့က ကြွယ်၀သူတွေဟာ မကြာခဏ ပြန်ပေးဆွဲ၊ ငွေညှစ်တဲ့ဒဏ်ကို မခံနိုင်လို့ နယ်မြေလုံခြုံရာ မြို့ကြီးတွေဆီ ပြောင်းရွှေ့လာပြီး ဝယ်ယူသူများလာလို့ စျေးတက်လာတာထက် ပိုပြီးတော့ အဓိကကျတဲ့အချက်ကတော့ အိမ်ခြံမြေစျေးတွေကို ထိန်းချုပ်မှုမရှိဘဲ လွှတ်ပေးထားတဲ့ အချက်က အဓိက အချက်ဖြစ်နေတာပါလို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

လက်ရှိမှာ အိမ်ခြံမြေစျေးတွေ စံချိန်တင် မြင့်တက်လာမှုက ၂၀၂၂ ဇူလိုင်လောက်မှာ စခဲ့တာပါ။ အဲဒီအချိန်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အိမ်ခြံမြေစျေးတွေကို ထိန်းချုပ်ပေးဖို့ တောင်းဆိုချိန်မှာ ထိန်းချုပ်ဖို့ မရှိဘူးလို့ ဖြေခဲ့တာနဲ့ အခွန်နှုန်းထားတွေ ဆက်လက်လျှော့ချပေးမှုတွေကလည်း မြေစျေးထိန်းမနိုင် သိမ်းမရ တက်လာရခြင်းရဲ့ အဓိကအချက်ဖြစ်လာတာပါ။ လူတွေဟာ အစိုးရက ရွှေနဲ့ ဒေါ်လာကို ထိန်းချုပ်ထားချိန်မှာ ထိန်းချုပ်ထားမှုမရှိတဲ့ ကားနဲ့ အိမ်ခြံမြေကို စျေးတင်၊ ဝင်ပြီး ဆော့ကြတာကလည်း ကားနဲ့ အိမ်ခြံမြေစျေးတွေ မိုးထိအောင် တက်လာရတာရဲ့ အဓိက အချက်ဖြစ်လာခဲ့တာပါ။

“ရွှေနဲ့ ငွေ(ဒေါ်လာ)ဆိုတာက တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လေ။ အဲဒီနှစ်ခုကို ဖောင်းပွအောင်၊ လူတွေ အကြောက်လွန်အောင် နည်းမျိုးစုံနဲ့ကစားတဲ့အပြင် ငွေဖောင်းပွမှာ၊ ငွေတွေထုတ်မှာဆိုပြီး ခြောက်လှန့်နေသူတွေလည်း ရှိနေတော့ အစိုးရက ရွှေနဲ့ ဒေါ်လာကို ထိန်းချုပ်လိုက်ရတယ်။ ရွှေနဲ့ ဒေါ်လာကို မဖြစ်မနေ ထိန်းချုပ်လိုက်ရပေမဲ့ စျေးကွက်ထဲမှာ၊ ပြည်သူ့လက်ထဲမှာ ငွေစီးဆင်းနေမှ ပုံမှန်အခြေအနေကို ရောက်မယ်လေ။ အဲဒီတော့ ကားနဲ့ အိမ်ခြံမြေကို ဟ ပေးလိုက်တဲ့ သဘောမြင်ရတော့တာပေါ့။ အဲဒီမှာ ရွှေနဲ့ ဒေါ်လာ ဝင်မဆော့ရဲတဲ့သူတွေက အိမ်ခြံမြေနဲ့ ကားဘက်မှာ ဝင်ပြီး ဆော့ကြတာက အကုန်လုံးက ထိန်းမရ သိမ်းမရ စျေးတွေ တက်ကုန်တာပဲ။ အခုဆို ကားတွေက ၂၀၂၀ အကုန်ပိုင်းကထက် သုံးလေးဆလောက် တက်လာပြီး မြေကတော့ ၂ ဆကနေ ၅ ဆအကြား ခုန်တက်လာတာကို တွေ့နေရတယ်” လို့ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

၃။

အိမ်ခြံမြေစျေးတွေ ခုန်တက်လာခြင်းရဲ့ ဆိုးကျိုးကတော့ လယ်မြေလိုမျိုး အများအပြားပိုင်ဆိုင်ထားသူတွေက ဆိုင်ရာပိုင်ရာတွေနဲ့ပေါင်းပြီး အခြားနည်းသုံးဖို့ပဲ လုပ် ဆောင်လာတာပါ။ အခြားတစ်ဖက်မှာလည်း သွင်းအားစုတွေ အဆမတန်စျေးတက်လာတာကလည်း စိုက်ပျိုးမှုတွေ လျော့ကျစေခဲ့သလို အခြားတစ်ဖက်မှာတော့ ပို့ကုန်မှာ ထိခိုက်မှုဖြစ်လာပါတော့တယ်။ အရင်တုန်းက လယ်ယာစိုက်ခင်းတွေဟာ တိုက်ပွဲတွေနဲ့ အိမ်ခြံမြေကွက်တွေ ဖြစ်လာတဲ့နောက်မှာတော့ ထုတ်ကုန်ကျဆင်းမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ ဖြစ်လာတာပါ။

အဲဒါကြောင့်လည်း SAC ဥက္ကဋ္ဌဟာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)မှာ စိုက်ပျိုးမြေအသုံးချမှုနဲ့ ပတ်သက်ပြီး လယ်ယာမြေဥပဒေနဲ့ ကိုက်ညီမှုမရှိတာကို တွေ့ရှိနေရပြီး လယ်မြေကို အခြားသီးနှံစိုက်ပျိုးခွင့်ပေးတာက ဗဟိုအဖွဲ့ကပဲ ခွင့်ပြုပေးလို့ရတာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးက ခွင့်ပြုပေးလို့မရတာ၊ လယ်ယာမြေကို အသုံးချရာမှာ စိုက်ပျိုးခြင်းလုပ်ငန်းကိုဆောင်ရွက်ခြင်းမပြုဘဲ အဆောက်အဦတွေဆောက်လုပ်နေတာ၊ စိုက်ပျိုးမြေကို အခြားနည်းနဲ့ သုံးစွဲတာကြောင့် နိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတာကြောင့် စိုက်ပျိုးမြေတွေကို အခြားနည်း သုံးစွဲနေမှုကို ဥပဒေနဲ့အညီ စိစစ်ကြပ်မတ်ထိန်းသိမ်းဖို့ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လယ်ယာမြေရဲ့ မူရင်းပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်ပြီး ဥပဒေရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဂဃနဏ သိရှိနားလည်ဖို့နဲ့ ဥပဒေကို ချိုးဖောက်ရင် ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုကို ခံယူရမယ်လို့ သတိပေးခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စိုက်ပျိုးမှုမရှိဘဲ ကျန်ရှိနေတဲ့မြေဧက ၅ ဒသမ ၇ သန်းကျော်ထဲက ဧက လေးသန်းခန့်ကို စပါးစိုက်ပျိုးနိုင်မယ်ဆို ကျပ်ဘီလျံ ၂,၉၀၀ အထိ တိုးတက်ရရှိနိုင်တယ်လို့ မေ ၁၀ ရက်မှာပြုလုပ်တဲ့ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးမှာလည်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါသေးတယ်။ စိုက်ပျိုးဖို့ ကျန်နေတဲ့ စိုက်ပျိုးမြေမှာ ဧက ၄ သန်းခန့်ကို သီးထပ်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းနဲ့ တွက်ချက်မယ်ဆိုရင် ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမှာဖြစ်ပြီး တစ်တင်း ၁၀,၀၀၀ နှုန်းနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် စပါးတင်းသန်း ၂၉၀ အတွက် ကျပ်ဘီလျံ ၂,၉၀၀ ရရှိပြီး တိုင်းပြည်ရဲ့စီးပွားရေးတိုးတက်လာမှာလို့ တွက်ပြခဲ့တာပါ။ ဒီလိုပါပဲ။ ဒီမြေ ၄ သန်းပေါ် အခြားသီးနှံနဲ့ ဆီထွက်သီးနှံကို စိုက်ပျိုးမယ်ဆိုလည်း စပါးလို များစွာအကျိုးဖြစ်ထွန်းမှာဖြစ်ပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်ဆို ပြည်တွင်းဆီဖူလုံမှုကိုဖြစ်ပေါ်စေမဲ့အပြင် ဆီတင်သွင်းရလို နိုင်ငံခြားငွေစီးထွက်မှုအချို့ကိုလည်း ထိန်းကျောင်းနိုင်ဦးမှာလို့ တွက်ဆပြခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ လယ်မြေတွေက လှပ်မြေဖြစ်နေပြီး မြေတချို့ကလည်း ပုံစံမျိုးစုံနဲ့ အခြားနည်းသုံးဖို့ ပြင်ဆင်နေကြတာကို မြင်နေရမှာပါ။

“လက်ရှိဖြစ်နေတာက ပြည်တွင်းမှာ ငွေလည်ပတ်ချင်လို့ ကားနဲ့ အိမ်ခြံမြေကို ဟ ပေးလိုက်တဲ့ သဘောဖြစ်ရာက ဘေးထွက်ဆိုးကျိုးပေါ့။ ကားက သိန်း ၂၀၀ တန်ကနေ သိန်း ၅၀၀ လောက်ဖြစ်သွားတာက အရင်ကတည်းက ဇိမ်ခံပစ္စည်းလိုမျိုး ပိုမှဝယ်ကြတာဆိုတော့ ပြသနာမရှိပေမဲ့ မရှိမဖြစ်လိုအပ်တဲ့ မြေမှာကျတော့ အခက်တွေ့သွားတာပေါ့။ မြေစျေးတက်တော့ စိုက်မြေတွေကို နည်းမျိုးစုံနဲ့ အခြားနည်းပြောင်းပြီး ရောင်းစားကြတယ်။ တချို့ကလည်း သွင်းအားစုစျေးတက်တာ၊ မြေစျေးတက်တာနဲ့ ပေါင်းပြီး လှပ်ထားကြတော့ ကုန်စျေးနှုန်းတွေလည်းတက်၊ တကယ်လိုအပ်တဲ့သူတွေက မဝယ်နိုင်၊ နိုင်ငံ့အတွက်ကြတော့လည်း ကုန်သွယ်မှုလိုငွေ လျှော့ချမယ်ဆိုတဲ့အချိန်ကြမှ ထုတ်ကုန်က မရှိ၊ ပို့ကုန်ကကျနဲ့။ ပိုဆိုးတာက Food Security ပေါ့။ အစားအစာလုံခြုံရေးပြဿနာက တစ်ကမ္ဘာလုံးကြုံနေရချိန်မှာ မြန်မာနိုင်ငံက မြေစျေးတွေတက်တော့ လယ်မြေတွေကို မစိုက်တော့ဘူးဆိုတာက အင်မတန်ဆိုးတဲ့ ပြဿနာ။ ဒါတွေက အချိန်မီ ထိန်းသင့်တာပေါ့။ အချိန်မီမထိန်းနိုင်လို့ အကုန်ကမောက်ကမတွေဖြစ်ကုန်ရင် နောင်တစ်ချိန်မှာ ဘယ်တုန်းက ဘယ်လိုလုပ်ခဲ့လို့ ဒီလိုဖြစ်ကုန်တာလို့ လက်ညှိုးထိုးခံရနိုင်တာပေါ့” လို့ စီးပွားရေးပါမောက္ခတစ်ဦးက သုံးသပ်ပါတယ်။

၄။

ကမ္ဘာပေါ်မှာ မြေစျေးအကြီးဆုံးနိုင်ငံထဲ မကြာခဏ ပါနေတဲ့ မြန်မာနိုင်ငံဟာ အိမ်ခြံမြေပူဖောင်း ပေါက်မှုတွေလည်း ဖြစ်တတ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အိမ်ခြံမြေပူဖောင်းပေါက်ပြီး ၂၀၁၆ ခုနှစ် NLD အစိုးရဟောင်းလက်ထက်မှာ ဆောက်လုပ်ရေးကဏ္ဍတစ်ခုလုံးရပ်ချလိုက်တာက မြန်မာ့စီးပွားရေးကျဆင်းမှုရဲ့ အရင်းခံပါ။ လက်ရှိအချိန်မှာ မြေစျေးမြင့်တက်မှုဟာ ၂၀၁၄ ခုနှစ်တုန်းကလိုမျိုး တစ်ချိန်မှာ ပြန်ကျမယ်လို့ သုံးသပ်မှုတွေရှိနေပေမဲ့လည်း လူတွေက ကျပ်ငွေအပေါ်မယုံကြည်၊ ဘဏ်တွေကိုလည်း ယုံကြည်မှုပျက်စီး၊ လုယက်သ တ်ဖြတ်မှုတွေကို ကြောက်လန့်လို့ လက်ထဲငွေမထားချင်ကြချိန်မှာ ပြန်မကျဘူးလို့ ယူဆကြတာ ရှိသလို ဒီမြေတွေက အစိုးရတစ်ရပ်ရဲ့ မူဝါဒတစ်ခုခုအပြောင်းအလဲဖြစ်တာနဲ့ ချက်ခြင်းပြန်ကျမယ်လို့ ယူဆပြီး မြေမဝယ်ရဲတော့ဘဲ ငုပ်တုတ်ထိုင်ကြည့်နေသူတွေ ရှိလာနေပါတယ်။ ဒါပေမဲ့လည်း ကစားလို့ရတဲ့ အိမ်ခြံမြေစျေးကွက်ထဲ ပုံစံမျိုးစုံနဲ့ ငွေထုပ်ပိုက်ပြီး လိုက်ဝယ်နေသူတွေလည်း ပိုများလာတဲ့ အခြေအနေဖြစ်လာနေတယ်လို့လည်း အိမ်ခြံမြေလောကထဲမှာ သုံးသပ်နေကြပါတယ်။

သေချာတာကတော့ လက်ရှိအကောင်အထည်ဖော်ပေးနေတဲ့ အငှားအိမ်ရာ ထောင်ဂဏန်းနဲ့ ပြည်သူတွေအတွက် မလုံလောက်ပါဘူး။ တကယ်မြေလိုအပ်သူတွေ၊ နေဖို့ဝယ်မဲ့သူတွေက မြေမဝယ်နိုင်၊ နိုင်ငံတော်ကလည်း မြေကွက်အသစ်၊ မြို့ကွက်အသစ် ဖော်ဆောင်တာမျိုး လုပ်မပေးဘဲ ကျုးတွေပဲထိုင်ရှင်းနေရင်းနဲ့ မြေစျေးကစားဖို့ ငွေထုပ်ပိုက်ဝင်လာသူတွေ ထိုင်ကြည့်နေသရွေ့တော့ အိမ်ခြံမြေစျေးတွေ အဆမတန်တက်လို့ ပြည်သူတွေ ဒုက္ခဖြစ်၊ ကုန်ထုတ်လုပ်မှုတွေ ကျ၊ ကုန်စျေးနှုန်းတွေ တက်၊ စိုက်ပျိုးမြေတွေ လှပ်၊ အခြားနည်းအမျိုးမျိုးပြောင်းပြီး လူတွေနေတဲ့အိမ်ရာဖြစ်နဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ Food Security ဟာ နေစရာမရှိ၊ စားစရာမရှိအဖြစ်ကို ကြုံလာရနိုင်ပါတယ်။

အခုတောင် ဗြိတိန်အစိုးရက မြန်မာ့လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေပြီလို့ ထုတ်ပြန်ခဲ့သလို ကုလသမဂ္ဂကလည်း မြန်မာ့လူဦးရေရဲ့ ၁၅ သန်းကျော်ဟာ အစားအစာနဲ့ ရှင်သန်နေထိုင်ရေးအတွက် အကူအညီလိုအပ်နေတယ်လို့ စစ်တမ်းထုတ်လာတာ တွေ့ရပါတယ်။ ဒီ ကျပ်တည်းမှုကိန်းဂဏန်းတွေ ကျဆင်းပြီး ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ ရှင်သန်နေထိုင်ရေး ဖူလုံအောင်လုပ်ပေးနိုင်မှ ကမ္ဘာမှာ မျက်နှာရမှာပါ။ ပြည်သူတွေကျပ်တည်းအောင် ဝိုင်းဝန်းဖျက်ဆီးနေတဲ့ကြားက ပြည်သူတွေ ချောင်လည်အောင် လုပ်ပေးနိုင်ခဲ့တဲ့ အရည်အချင်းရှိ အစိုးရလို့ မှတ်ကျောက်တင်ခံရမှာဖြစ်ပြီး လက်ရှိမှာ အဆိုးဘက်ရောက် ရောက်နေတဲ့ ကိန်းဂဏန်းတွေ ပိုဆိုးတဲ့ဘက် ထပ်ရောက်သွားရင်တော့…..။

Leave a Reply

Your email address will not be published. Required fields are marked *