၁၈. ၇. ၂၀၂၃
Written by Peya

မိုင်းဖုန်းဆရာတော်ကြီး၏ အူမကြီးအတွင်း အသားပို တစ်ခုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထိုင်းနိုင်ငံတွင် ဖြတ်တောက်ဖယ်ရှားပြီးဖြစ်ကာ မနက်ဖြန် ဆေးရုံက ဆင်းရမည်ဖြစ်ကြောင်း ဆရာတော်ကြီးနှင့် နီးစပ်သူများထံက ကနဦး သိရသည်။

ဝါတွင်း ၃ လ အဓိဌာန်ဝင်ရန်အတွက် မိုင်းဖုန်းဆရာတော်သည် မိုင်းလားအထူးဒေသ (၄) မိုင်းခန် ဖဝတ်ဂူသို့ အဓိဌာန်ဝင် ကြွရောက်ခဲ့ပြီး မဝင်မီ မနက်ပိုင်းက မှိုဆွမ်းဟင်း ဘုဉ်းပေးရာ မှိုဆိပ်တက်သည့် ဝေဒနာကို ခံစားခဲ့ရသောကြောင့် ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ရသေးပြီး ဇူလိုင်လ ၉ ရက်တွင် ပထမအကြိမ် ဆေးရုံက ဆင်းခဲ့ရခြင်းဖြစ်ကာ ဇူလိုင် ၁၄ ရက်က စ၍ ယနေ့အထိ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

ဆရာတော်ဘုရားအား ဇူလိုင်လ ၁၇ ရက် ညနေပိုင်း ၄ နာရီတွင် Ultrasound ရိုက် စစ်ဆေးရာ စစ်ဆေးချက်အဖြေ ကောင်းမွန်ပြီး ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းတွင် အစာအိမ်နှင့် အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိရသလောက်က စစ်ဆေးချက်မှာ အူမကြီးထဲ အသားပိုတစ်ခု ရှိတယ်။ ပြီးတော့ အစာအိမ်မှာ ဘက်တီးရီးယား စွဲကပ်တာ တွေ့ရတယ်။ အူမကြီးက အသားပိုကို ဖြတ်တောက်ဖယ်ရှားပြီးပါပြီ” ဟု ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဆရာတော်ကြီးသည် ဇူလိုင်လ ၁၉ ရက်တွင် ဆေးရုံက ဆင်းမည်ဖြစ်ပြီး ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News