၁၈. ၆. ၂၀၂၃
Written By Nay Moe

မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝကွင်းမှ လယ်မြေ ၇၀၉ ဧကကျော်အား ထပ်မံမကျုးကျော်ရန် State Land အဖြစ် သတ်မှတ် ခြံခတ်မည်ဖြစ်ကြောင်း အသနားခံစာတင်ထားသော လယ်မြေလုပ်ပိုင်ခွင့် ရရှိထားသူ ၆၅ ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းပြန်ကြားထားသည်ဟု သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝကွင်း၊ တောင်သူစုကွင်း၊ သင်္ဃန်းကျွန်းကွင်း၊ သင်္ဃန်းကျွန်း အနောက်ကွင်းတို့ရှိ စုစုပေါင်းလယ်မြေ ၇၀၉ ဒသမ ၁၄ ဧကနှင့်စပ်လျဉ်း၍ မူလသိမ်းဆည်းခံ လယ်သမားများအား ပေးအပ်ပြီးဖြစ်သော လယ်မြေများနှင့် ဆက်လက်ပေးအပ်ရန် ကျန်ရှိလယ်မြေများကို ပေးအပ်ခြင်းမရှိဘဲ ကျူးကျော်ဟု သတ်မှတ်ဖော်ပြ၍ အင်အားသုံးဖျက်ဆီးကာ ဒုတိယအကြိမ် မြေသိမ်းယူမည့် အခြေအနေကို ဖန်တီးလုပ်ဆောင်လျက်ရှိသဖြင့် မိမိတို့လယ်သမားများသည် ဥပဒေ၏ အကာအကွယ်မရရှိဘဲ တစ်ဖက်သတ်အနိုင်ကျင့်ခံနေရမှုများအား ကူညီဆောင်ရွက်ပေးပါရန် ရည်ညွှန်းပါစာဖြင့် ဦးမြင့်သိန်းပါ လယ်သမား ၆၅ ဦးက ရန်ကုန်တိုင်းအစိုးရထံ ဇွန်လ ၂၈ ရက်တွင် အသနားခံတင်ပြခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းပြန်ရာတွင် ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၂၃)၊ ဆုံးဖြတ်ချက်အပိုဒ်(၂၅)အရ နိုင်ငံတော်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ (State Land)အဖြစ် သတ်မှတ်ထားသည့် မြေဧရိယာ ၇၀၉ ဒသမ ၁၄ ဧကအတွင်း တရားမဝင် ဆောက်လုပ်ထားသော အဆောက်အဦများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံချက်ပါအတိုင်း ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးပါက ထပ်မံကျူးကျော်ဝင်ရောက်မှုများ မရှိစေရေး ခြံစည်းရိုးကာရံတိုင်းတာ ဖော်ထုတ်တင်ပြရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ပြန်ကြားပါသည်ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လယ်မြေများမှာ ၂၀၁၄ ခုနှစ်က တပ်မတော်မှပြန်လည်စွန့်လွှတ်ထားပြီးဖြစ်သည့် စမ်းကြီးဝကွင်း မြေအကျယ် ၇၀၉ ဒသမ ၁၄ ဧကဖြစ်ပြီး၂၀၁၆ ခုနှစ်တွင် လယ်သမားတချို့အား လယ်ဧကအချို့ကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၃) ချထားပေးခဲ့သည်။ ထို့နောက်တွင်မူ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖျက်သိမ်းဖယ်ရှားပေးရန် ဒုတိယအကြိမ် စာထုတ်ပြန် ကြေညာပြီး ဖျက်ရမည့်နောက်ဆုံးရက်ကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်ဟု သတ်မှတ်ပေးခဲ့သည်။ သတ်မှတ်ရက်အတွင်း အပြီးမဖယ်ရှားသည့် အဆောက်အဦများကို ဇွန်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာမှ ဖယ်ရှားရှင်းလင်းခဲ့သည်။

သတိပေးအကြောင်းကြားစာပါ အကြောင်းအရာများမှာ တပ်မတော်က ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်သည့် စမ်းကြီး၀ကွင်း မြေအကျယ် ၇၀၉ ဒသမ ၁၄ ဧကအား State Land အဖြစ်သတ်မှတ်ထားပြီး လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် သတ်မှတ်ပုံစံ (၃) ရရှိထားခြင်း မရှိဘဲ ကျုးလွန်ဆောင်ရွက်နေကြသူများသည် လယ်ယာမြေများအား အဆင့်ဆင့် လက်လွှဲရောင်းချခြင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဆိုလာလုပ်ငန်းဆောင်ရွက်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း နှင့် ခွင့်ပြုချက်မဲ့အဆောက် အအုံများနှင့် ဆက်စပ်လုပ်ငန်းများအား ဇွန် ၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ လယ်သမားများထံ အကြောင်းကြားခဲ့ပြီး ဇွန် ၇ ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ရှားရှင်းလင်းမှုများကို ပြုလုပ်ခဲ့ကြောင်း အဆိုပါကွင်းမှ လယ်သမားတချို့ထံကသိရသည်။ ထိုသို့ ဖယ်ရှားရာတွင် ပုံစံ(၃) ရထားသူများ၏ လယ်တဲများ၊ ဂိုထောင်များပါ ဖယ်ရှားခဲ့ကြသည်ဟု သိရသည်။

အဆိုပါ စမ်းကြီးဝကွင်းအား ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်း လက်ထက်တွင် မြို့ပတ်ရထား၊ YBS စသည်တို့နှင့် ချိတ်ဆက်ထားသည့် အဝေးပြေးကားဝန်းများ၊ တည်းခိုခန်းများနှင့် စျေးဆိုင်များ စသည့် စီမံကိန်းများကို ဧရာရွှေဝါကုမ္ပဏီနှင့် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည့် မြေနေရာဖြစ်သည်ဟုလည်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *