၁၇. ၇. ၂၀၂၃
Written by Nyein Kyaw

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လိုအပ်သည့်ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှုကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်အတွင်း မြန်မာ-တရုတ်နယ်စပ်မှ သွင်းကုန်တင်သွင်းမှု ယခင်နှစ်ကာလတူထက် သွင်းကုန်ပမာဏ ဒေါ်လာ သန်း ၃၃၀ ကျော် ပိုမိုတင်သွင်းထားကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ သုံးလကျော်အတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၄၆၈ ဒသမ ၇၆၆ သန်းရှိပြီး ယခင်နှစ်ကာလတူတွင် တင်သွင်းမှု ဒေါ်လာ ၉၄ ဒသမ ၉၄၇ သန်းသာ တင်သွင်းထားသဖြင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် တရုတ်နယ်စပ်မှ သွင်းကုန်တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ‌ဒေါ် ၃၇၃ ဒသမ ၈၁၉ သန်း ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယင်းကဲ့သို့ တရုတ်နယ်စပ်မှ သွင်းကုန်တင်သွင်းမှု အဓိကမြင့်တက်ခဲ့ရခြင်းက ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများအတွင်း ပြန်လည်တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများ တင်သွင်းမှုမြင့်တက်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

“တရုတ်ဘက်နေ အဝင်ကတော့ တစ်နေ့ကို တွဲကားအစီးရေ ၂၀၀ လောက်ဝင်တယ်။ အခုက ဆောက်လုပ်ရေးပစ္စည်းတွေအဝင်များတယ်။ သံတို့၊ သွပ်တို့ ရခိုင်ပြည်နယ်မုန်တိုင်းနဲ့ပတ်ပြီး ထူထောင်ရေးလုပ်ငန်းတွေအတွက်ပေါ့” ဟု မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ်တွင် ကုန်သွယ်မှုဆောင်ရွက်ရာတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းငါးခုဖြင့် ကုန်သွယ်မှုဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်တို့မှ သွင်းကုန်အများဆုံးတင်သွင်းထားခြင်းဖြစ်ပြီး ယင်းကုန်သွယ်ရေးစခန်းနှစ်ခုမှတစ်ဆင့် တင်သွင်းမှုပမာဏ ဒေါ်လာသန်း ၄၅၀ နီးပါးအထိ တင်သွင်းထားခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် သုံးလကျော်အတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာ စုစုပေါင်း ဒေါ်လာတစ်ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၀၉ သန်းကျော် ပိုမိုဆောင်ရွက်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News