၁၇.၇.၂၀၂၃
Translated by Htwe Ko Tun

ရုရှားနိုင်ငံနှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့အကြား တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေး အဆက်အသွယ်ဖြစ်သည့် ခရိုင်းမီးယားတံတားကြီးမှာ ဇူလိုင်လ ၁၇ ရက် နံနက်အစောပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် တံတား၏ခန်းဖွင့်အချို့ ပျက်စီးခဲ့ရကာ တံတားပေါ်မှယာဉ်အသွားအလာဖြတ်သန်းမှုရပ်တန့်ထားကြောင်း ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကြေညာ ခဲ့သည်။

ပေါက်ကွဲမှုများက ဒေသစံတော်ချိန် နံနက် ၃ နာရီ ၄ မိနစ်နှင့် ၃ နာရီ၂၀ တို့တွင်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

အရှည်အားဖြင့် ၁၉ ကီလိုမီတာ (၁၂ မိုင်နီးပါး)ရှိသော ထိုတံတားကို ကာ့ချ်တံတား(Kerch bridge) ဟုလည်းသိကြပြီး ကားလမ်းနှင့် ရထားလမ်းပူးတွဲပါရှိကာ ဥရောပတိုက်၏အရှည်ဆုံးသော တံတားလည်းဖြစ်သည်။ တံတားပေါ်တွင် ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၈ ရက်က လောင်စာဆီတင်ကားတစ်စီး ပေါက်ကွဲမီးလောင်ခဲ့၍ တံတားမှာ အကြီးအကျယ်ပျက်စီးခဲ့သေးသည်။

တံတားပေါက်ကွဲမှုများကြောင့် ဘယ်လ်ဂိုရော့ဒ်ပြည်နယ်တွင်နေထိုင်သူ ဇနီးမောင်နှံမှာသေဆုံးခဲ့ရပြီး ၎င်းတို့၏သမီး မိန်း ကလေးငယ်တစ်ဦးမှာ ဒဏ်ရာများရခဲ့ကြောင်း သိရသည်။ ၎င်းတို့မိသားစုမှာ မော်တော်ကားဖြင့်ခရီးသွားနေစဉ် ဗုံးကွဲမှုနှင့်ကြုံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့၏ကားမှာလည်း ပျက်စီးခဲ့သည်။

အဆိုပါတံတားကြီးကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံအကုန်အကျခံကာ ခရိုင်းမီးယားကျွန်းဆွယ်နှင့် ရုရှားနိုင်ငံတို့ကို ဆက်သွယ်ရန် တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ရုရှားနိုင်ငံအတွက် မဟာဗျူဟာမြောက်သောတံတားကြီးတစ်စင်းဖြစ်သည်။

Ref-CNN, Tass

Leave a Reply

Your email address will not be published. Required fields are marked *

Related News