၁၂. ၇. ၂၀၂၃
Written by Ye Kyaw

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်းရှိပြီး အဆိုပါဘဏ္ဍာနှစ်၏ တတိယသုံးလပတ်ထက် ခုနစ်ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က ဇူလိုင်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း ၁၈ ဒသမ ၄၅ ရာခိုင်နှုန်း၊ ဒုတိယသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၂၇ ဒသမ ၉၈ ရာခိုင်နှုန်း၊ တတိယသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းခဲ့ကာ အဆိုပါဘဏ္ဍာနှစ်၏ တတိယသုံးလပတ်ထက် ၇ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခင်က မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူဈေးဆနှုန်းတို့ကို ၂၀၁၂ ခုနှစ်ကို အခြေခံ၍ တွက်ချက်ခြင်းဖြစ်သော်လည်း လက်ရှိတွင် ၂၀၁၇ ခုနှစ်အတွင်း ကောက်ခံခဲ့သည့် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို အခြေခံတွက်ချက်ထားခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၇ ခုနှစ် သို့မဟုတ် ၂၀၂၈ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမဖြစ်ခင်အခြေနေသို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက် ကမ္ဘာ့ဘဏ်၏ စီးပွားရေးဆိုင်ရာအကြီးတန်းသုတေသီတစ်ဦးဖြစ်သော Kim Alan Edwards က သုံးသပ်ထားသည်။

လာမည့်နှစ်များတွင်လည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း ကျဆင်းခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ထပ်မံကျဆင်းလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *