၁၆. ၆. ၂၀၂၃
Written by Pan Ei
လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ ကစားမယ့် အင်ဒိုနီးရှားနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ မက်ဆီ ပါဝင်ကစားမှာမဟုတ်ဘူးဆိုတဲ့သတင်း မနေ့က အတည်ပြုထွက်ပေါ်လာခဲ့တဲ့နောက် လက်မှတ်ဝယ်ထားခဲ့ကြတဲ့ ဘောလုံးပရိသတ်တွေအပြင် အင်ဒိုနီးရှားနိုင်ငံက မက်ဆီပရိသတ်တွေက ဝမ်းနည်း၊ ဒေါသထွက်ခဲ့ကြရပါတယ်။
ကမ္ဘာ့ဖလားဆုရအသင်း အာဂျင်တီးနားနဲ့ အင်ဒိုနီးရှားအသင်းတိုရဲ့ ခြေစမ်းပွဲလက်မှတ်တွေကို တနင်္လာနေ့က စတင်ရောင်းချခဲ့တာဖြစ်ပြီး မက်ဆီရဲ့ မျက်နှာနဲ့ ကြော်ငြာခဲ့တဲ့ အဆိုပါ လက်မှတ်ပေါင်း ၆ သောင်းကျော်ဟာ အချိန်တိုအတွင်းမှာ ရောင်းထွက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မက်ဆီဟာ အင်ဒိုနီးရှားနိုင်ငံကို လာရောက်မှာလည်းမဟုတ်၊ ခြေစမ်းပွဲဆော့ကစားမှာလည်း မဟုတ်တာကြောင့် မက်ဆီရဲ့ အင်ဒိုနီးရှားပရိသတ်တွေက ပွဲစီစဉ်သူတွေကို မှားယွင်းကြော်ငြာခဲ့တယ်လို့ဆိုကာ ဒေါသထွက်နေခဲ့ကြတာပါ။
ကြာသပတေးနေ့က တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ ဩစတြေးလျအသင်းနဲ့ ခြေစမ်းပွဲကစားအပြီးမှာ အာဂျင်တီးနားအသင်းဟာ မက်ဆီက အင်ဒိုနီးရှားနဲ့ ပွဲစဉ်မှာ ပါဝင်မှာမဟုတ်ဘူးဆိုတာကို အတည်ပြုခဲ့တာပါ။
“မက်ဆီ ကိုယ်တိုင် ကစားတာကို မြင်ရ့ဖို ဒါက ကျွန်တော့်အတွက် အကြီးမားဆုံး အခွင့်အရေးပါပဲ။ ခုတော့ ကျွန်တော် ဝမ်းနည်းပြီး စိတ်ပျက်မိပါတယ်” လို့ မက်ဆီ ဘာစီလိုနာအသင်းမှာကတည်းက ပရိသတ်တစ်ဦးဖြစ်ခဲ့ပြီး မက်ဆီနာမည်နဲ့ ဂျာစီအထည် ၂၀၀ လောက်ကို စုဆောင်းခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် Surya Wijaya Ang က ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းအနေနဲ့ မနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဩစတြေးလျအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို တရုတ်နိုင်ငံက ဘောလုံးပရိသတ်များစွာကလည်း အာဂျင်တီးနားအသင်းဂျာစီတွေ ဝတ်ဆင်ကာ အားပေးကြည့်ရှုခဲ့ကြပါတယ်။
အာဆီယံအသင်းတစ်သင်းဖြစ်တဲ့ အင်ဒိုနီးရှားအသင်းအနေနဲ့ အာဂျင်တီးနားအသင်းလို ကမ္ဘာ့ဖလားချန်ပီယံအသင်းနဲ့ ယှဉ်ပြိုင် ခြေစမ်းကစားခွင့်ရတော့မယ့် အခွင့်အရေးကောင်းကို ရရှိတော့မှာမို့ အာရှက အခြားသောနိုင်ငံက ဘောလုံးအသင်းတွေနဲ့ ပရိသတ်တွေက အားကျနေတာတွေလည်း ရှိနေပါတယ်။
Ref; Sportstar
