၁၆. ၆. ၂၀၂၃
Written by Nyein Kyaw
ရွှေဆိုင်များကို ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်နေသော်လည်း ပြည်တွင်းရွှေဈေး ကျဆင်းမှုမရှိဘဲ ယနေ့တွင် ကျပ် ၃,၁၃၂,၀၀၀ အထိ မြင့်တက်လာသဖြင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၅၀,၀၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ကြေညာထားသည်။
ဇွန်လဆန်းပိုင်းတွင် ပြည်တွင်း၌ ရွှေဈေးနှုန်းမြင့်တက်မှုကြောင့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည့် မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းများကို သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ယင်းကဲ့သို့ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့၍ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁,၉၆၁ ဒေါ်လာနှင့် ဒေါ်လာဈေးနှုန်း ကျပ် ၂,၉၇၀ ကျပ်ဖြင့် ယခင်ရက်များထက် သိသိသာမြင့်တက်လာခဲ့ခြင်းမရှိဘဲ ဇွန်လ ၁၆ ရက်(ယနေ့)တွင် ပြည်တွင်းရွှေဈေး ကျပ် ၃,၁၃၂,၀၀၀ အထိ မြင့်တက်ခဲ့သည်။
ထို့ကြောင့် မီးလင်းအခေါက်ရွှေတုံးများကို ကျပ် ၃,၀၅၀,၀၀၀ ဖြင့် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသင်းသားများမှလွဲ၍ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဇွန်လ ၁၆ ရက်(ယနေ့)တွင် ကြေညာထားသည်။
ဝယ်ယူလိုသော မိဘပြည်သူများအနေဖြင့် အိမ်ထောင်စုဇယာယူဆောင်လာ၍ မန္တလေးမြို့၊ ၆၇ လမ်း (လမ်း ၄၀ နှင့် ၄၁လမ်းကြား)ရှိ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် လာရောက်ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇွန်လ ၁၃ ရက်တွင် ရွှေဈေးနှုန်း ၃,၁၂၆,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၆၅ ကျပ်၊ ဇွန်လ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၃,၁၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၇၂ ကျပ်၊ ဇွန်လ ၁၅ ရက်တွင် ရွှေဈေးနှုန်း ၃,၁၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၈၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
