၁၆. ၆. ၂၀၂၃
Written by Pan Ei
ထိုင်ဝမ်နိုင်ငံ၊ ရွန်လင်းခရိုင်ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ နောက်ဆုံးထွက်မီနူးအနေနဲ့ ဖားတစ်ကောင်လုံးပါဝင်တဲ့ ခေါက်ဆွဲပြုတ်ကို ရောင်းချနေပြီး အဆိုပါ သတင်းဟာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးပြီး လူပြောများနေခဲ့ပါတယ်။
ထိုင်ဝမ်ခေါက်ဆွဲဆိုင် Yuan Ramen မှာ “Frog Frog Frog Ramen” လို့ အမည်ပေးထားတဲ့ ခေါက်ဆွဲပြုတ်ဟာ ပါဝင်ပစ္စည်းကြောင့် နာမည်ကြီးနေတာဖြစ်ပြီး ထူးထူးဆန်းဆန်းဖြစ်နေတဲ့ ဟင်းလျာပုံကို စာသုံးသူတွေက ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာကနေ ပျံ့နှံ့လာခဲ့တာပါ။
ဖားခေါက်ဆွဲပြုတ်ကို အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးညတွေမှာ တစ်ပွဲကို အမေရိကန်ဒေါ်လာ ၈ဒေါ်လာ (မြန်မာငွေ ၂ သောင်းကျော်ဝန်းကျင်)နဲ့ ရောင်းချနေတာဖြစ်ပြီး ရောင်းချတဲ့ ပွဲအရေအတွက်ကလည်း အကန့်အသတ်နဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖားခေါက်ဆွဲပြုတ်ကိုမစားဘဲ ဓာတ်ပုံသာရိုက်ချင်ရင်တော့ ၃ ဒသမ ၂ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
Yuan Ramen ရဲ့ ပိုင်ရှင်က ပြီးခဲ့တဲ့လက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့ ပင်လက်ရေနက်သတ္တဝါ (isopods) ခေါက်ဆွဲပြုတ်ကနေ ခုလို အသစ်အဆန်း ခေါက်ဆွဲပြုတ် တီထွင်ဖို့ အကြံရခဲ့တာဖြစ်တယ်လို့ Taiwan News ကို ပြောကြားခဲ့ပြီး ရွန်လင်းအနီးတဝိုက်မှာ ဖားစားသုံးတာတွေ အလွန်များတာကြောင့် မျက်စိကျစရာ ဖားကောင်လုံးခေါက်ဆွဲပြုတ်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
လူအချို့က ဖားခေါက်ဆွဲပြုတ်ကို စမ်းစားကြည့်ဖို့ သတ္တိရှိကြပြီး တကယ်လည်းကြိုက်ကြပေမယ့် မီနူးမှာ အမြဲတမ်းရောင်းချတဲ့ ပစ္စည်းဖြစ်အောင်လုပ်မလားဆိုတာတော့ စားသုံးသူတွေရဲ့ တုံ့ပြန်ချက်ကိုကြည့်ပြီးတော့ ဆုံးဖြတ်သွားမှာပါ လို့ ခေါက်ဆွဲပြုတ်ဆိုင်ပိုင်ရှင်က ပြောပါတယ်။
Ref; Oddity Central
