၁၆. ၆. ၂၀၂၃
Written by Nay Aung
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များသည် ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ချင်းမိုင်ပြည်နယ် Chiang Dao ဒေသသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားနှစ်ဦးကို စိတ်ကြွဆေးပြား ၃၄၂၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနှင့် မြန်မာနယ်စပ်ဒေသများကို ကင်းလှည့်နေချိန်အတွင်း ဇွန်လ ၁၅ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံသား နှစ်ဦးကို စိတ်ကြွဆေးပြား ၃ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောဆိုထားသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသကို ဖြတ်သန်းလာသော ကျောပိုးအိတ်များလွယ်ထားသည့် လူသုံးဦးကို တွေ့ရှိခဲ့ပြီးနောက် စစ်ဆေးမှုများပြုလုပ်ရန် ရပ်တန့်ခိုင်းချိန်တွင် ထွက်ပြေးမှုများရှိခဲ့သည့်အတွက် လိုက်လံဖမ်းဆီးရာ နှစ်ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသောသူနှစ်ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် ဖမ်းမိခဲ့သော မြန်မာနိုင်ငံသား နှစ်ဦးကို Na Wai ရဲစခန်းကို လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းသောအဖွဲ့ငယ်များ ဝင်ရောက်မည်ဟု သတင်းများကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် နယ်စပ်ဒေသကို လုံခြုံရေးတင်းကြပ်စွာ ဖြန့်ကြတ်ချထားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်ခြမ်းမှ မူးယစ်ဆေးဝါးမှောင်ခို သယ်ဆောင်သူများသည် ထိုင်းနှင့် မြန်မာ နယ်စပ်ဒေသရှိတောလမ်းကိုအသုံးပြုပြီး ထိုင်းဘက်ခြမ်းသို့ မူးယစ်ဆေးဝါးများတင်သွင်းရန် ကြိုးပမ်းနေရာ မကြာခဏဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။
ထိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် ဖမ်းဆီးရမိထားသော မြန်မာနိုင်ငံသားများကို အသေးစိတ်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မကြာခင် သတင်းအချက်လက်များကို အတိအကျ ထုတ်ပြန်ပေးသွားမည်ဟု ပြောသည်။
Ref——-thairath
