April 24, 2024

၉. ၆. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်၏ ရတ်တာဖန်ခရိုင်အတွင်း ထိုင်းယာဉ်မောင်းတစ်ဦး မောင်းနှင်လာသော SUV ကားတစ်စီးတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၈ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

ထိုင်းယာဉ်မောင်းက ၎င်းမှာ အလားတူ ပြစ်မှုနှင့်ပင် ဖမ်းဆီးခံရခြင်းမှာ သုံးကြိမ်တိုင်ရှိခဲ့ပြီဖြစ်သော်လည်း ယခုအကြိမ်တွင်လည်း အခကြေးငွေဖြင့် ဤကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများအား လိုက်လံပို့ဆောင်စဉ် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ်အဆိုပါ SUV ကားနောက်သို့ အဝေးပြေးလမ်း တစ်လျှောက်နောက်ယောင်ခံလိုက်လာကာ ရတ်တာဖန်ခရိုင်အတွင်း ကူဟာလမ်းဆုံတွင် ကြားဖြတ်တားဆီးကာ ဇွန်လ ၈ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။

ထိုင်းယာဉ်မောင်းမှာ အသက် ၄၆ နှစ်ရှိ အဖီဝတ်တာနာ ဆိုသူဖြစ်ပြီး ကားအတွင်း အပြည့်အကျပ်လိုက်ပါလာသော တရားမဝင်မြန်မာနိုင်ငံသားရွှေ့ပြောင်းနေထိုင်သူ ၁၃ ဦးကိုလည်းတွေ့ရှိကာ ၎င်းတို့ကို ရတ်တာဖန် ခရိုင်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယာဉ်မောင်းက ရွှေ့ပြောင်း ဆူရတ်သာနီပြည်နယ်မှ ဆုန်ခလာပြည်နယ်သို့ ပို့ဆောင်ပေးရန် လူတစ်ဦးလျှင် ဘတ် ၂၅၀၀ ကျစီဖြင့်၎င်းအားငှားရမ်းလာခြင်းဟုလည်း ဝန်ခံခဲ့သည်။

ရာဇဝတ်မှုမှတ်တမ်းများအရ အဖီဝတ်တာနာမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ခိုးသွင်းပေးမှုဖြင့် ယခင်ကလည်း သုံးကြိမ်တိုင် အဖမ်းခံခဲ့ရဖူးကာ ငွေကြေးကောင်းစွာရ၍ ဤအလုပ်ကိုပြန်လည်လုပ်မိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ပြောခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကလည်း ၎င်းတို့အနေဖြင့် စုစုပေါင်း မြန်မာငွေ ကျပ် ၁၂ သန်း(ထိုင်း ဘတ်ငွေ ၂၀၀,၀၀၀) ခန့် ကို မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟူသောနှုတ်ကတိဖြင့် ပွဲစားများသို့ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့သို့ပြောခဲ့သည်။ ၎င်းတို့အားလုံးကို ထိုင်းရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ တရားစွဲအရေးယူသွားမည်ဟု သိရသည်။

Ref—— Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News