March 29, 2024

၉. ၆. ၂၀၂၃
Written by Peya

ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းအတွက် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ဇွန်လ ၉ ရက်တွင် ထုတ်ပြန်အသိပေးခဲ့သည်။

အဆိုပါ အခမ်းအနားကို Buddhist Summit Headquarters ၏ Sampozan Muryojuji ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ Buddhist Summit ၏ ဒုတိယဥက္ကဋ္ဌဆရာတော် Most Ven. Dr. Shinkai Kori ဦးဆောင်၍ ဆရာတော်များမှ တရားဓမ္မများ ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးသည် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ Buddhist Summit Headquarters ၏ Sampozan Muryojuji ဘုရားကျောင်းတွင် ၂၀၁၄ ခုနှစ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည့် (၆) ကြိမ်မြောက် Buddhist Summit အခမ်းအနားသို့ ကြွရောက်ခဲ့ဖူးကြောင်း သိရသည်။

ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော် အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပခဲ့ပြီး ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ နေ့လည် ၂ နာရီတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ လောင်တိုက်တော်တည်ရှိရာ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း၊ ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း၊ ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း၊ ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်သွားရာ လမ်းများတစ်လျှောက်တွင်လည်း လမ်းဘေးဝဲယာမှ နောက်ဆုံးဂါရဝ ဖူးမြော်ကြည်ညိုကြသူ များပြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *