အာဖဂန်နစ္စတန်နိုင်ငံ၊ ဘာဒက်ရှန်ပြည်နယ်မြို့တော်ဖြစ်သော ဖေဇာဘတ်မြို့တွင် ဇွန်လ ၈ ရက်က ဗလီတစ်ခု၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြည်သူများကြောက်လန့်တ‌ကြားပြေးလွှားနေကြစဉ်

၉. ၆. ၂၀၂၃
Translated by Htwe Ko Tun

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း၊ ဘာဒက်ရှန်ပြည်နယ်တွင် ဗလီတစ်ခု၌ ယခုရက်သတ္တပတ်အတွင်းမှာပင် တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့ရသော တာလီဘန်အဖွဲ့၏ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးအတွက် ဈာပနဆုတောင်းပွဲအခမ်းအနားတစ်ခု ပြုလုပ်နေစဉ်ပေါက်ကွဲမှုတစ်ခု ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ထိုပေါက်ကွဲမှုကြောင့် သေဆုံးသူများတွင် တာလီဘန်အဖွဲ့၏ ယခင်ရဲအရာရှိဟောင်းတစ်ဦးလည်းပါဝင်ပြီး အခြားလူ ၃၀ ကျော်လည်း ဒဏ်ရာရခဲ့ရသည်။ ပြည်ထဲရေးဝန်ကြီးဌာနအတွက် တာလီဘန်တို့ ခန့်အပ်ထားသည့် ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် နာဖီတာကောက ပေါက်ကွဲမှုမှာ နာဘာဝီ ဗလီတွင် ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်းက ထိခိုက်ဒဏ်ရာရသူများမှလည်း သေဆုံးသူအရေအတွက်တိုးလာနိုင်သည်ကို စိုးရိမ်နေရကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုက ဘာဒက်ရှန်ပြည်နယ်မြို့တော်ဖြစ်သော ဖေဇာဘတ်မြို့တွင် ဇွန်လ ၆ ရက်က ကားတစ်စီးအတွင်း ဗုံးခွဲလုပ်ကြံခံခဲ့ရသော ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး နီဆာ အာမက်အမာဒီအတွက် ဈာပန ဆုတောင်းပွဲပြုလုပ်နေစဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဇွန်လ ၆ ရက်က ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးအား ကားဗုံးခွဲလုပ်ကြံမှု၌လည်း ၎င်း၏ကားယာဉ်မောင်းပါသေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရခဲ့သေးသည်။

တာလီဘန်တို့၏ သတင်းပြန်ကြားရေးနှင့် ယဉ်ကျေးမှုတာဝန်ခံ မိုဇပ်ဒင် အမာဒီကလည်း ဇွန်လ ၈ ရက်က ဗလီအနီးပေါက်ကွဲခဲ့မှုတွင် တာလီဘန်တို့၏ ဘာဂလန်မြို့ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဆာဖီအူလာ ဆာမင်လည်း သေဆုံးသူ ၁၁ ဦး၌ပါဝင်ခဲ့‌ကြောင်းပြောခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သော ဟာမစ်ကာဇိုင်းကလည်း ဇွန် ၈ ရက်က ဗုံးခွဲတိုက်ခိုက်မှုအပေါ် ရှုတ်ချခဲ့ပြီး ဗလီများအနီးဗုံးခွဲတိုက်ခိုက်ခြင်းက အကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်ကာ လူသားတို့နှင့် အစ္စလမ်ဘာသာဆိုင်ရာ အဆင့်အတန်းများကို ဆန့်ကျင်ခြင်းလည်းဖြစ်ကြောင်း တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ဇွန်လ ၆ ရက်က ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးအားလုပ်ကြံသ-တ်ဖြတ်မှု၌ ISIS ၏ ISIL လက်နက်ကိုင်အုပ်စုက ၎င်းတို့ကျူးလွန်ခဲ့ခြင်းဟု ပြောခဲ့ကြသည်။ ဇွန်လ ၈ ရက် တိုက်ခိုက်မှုအတွက်မူ မည်သည့် အုပ်စုကမှ ၎င်းတို့ပြုလုပ်ခဲ့‌ခြင်းဟု ပြောကြားကြခြင်းမရှိသေးပေ။ ISIL လက်နက်ကိုင်အုပ်စုက တာလီဘန်အစိုးရအရာရှိများအား ပစ်မှတ်ထားတိုက်ခိုက်နေပြီး မတ်လအတွင်းကလည်း Balkh ပြည်နယ်အုပ်ချုပ်ရေးမှူးအား လုပ်ကြံသ-တ်ဖြတ်ခဲ့သေးသည်။ တာလီဘန်အစိုးရကလည်း ISIL လက်နက်ကိုင်အုပ်စု၏ အဖွဲ့ဝင်များကို မြို့ပြစခန်းများ၌ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

တာလီဘန်စစ်ဖက်အကြီးအကဲ ဖာဆီဟတ်ဒင် ဖီထရတ် ကလည်း ဘာဒက်ရှန်ပြည်နယ်အတွင်း တိုက်ခိုက်မှုများအား ပြင်းထန်စွာရှုတ်ချကာ ပြည်သူတို့အား ၎င်းတို့နယ်မြေများတွင် သံသယရှိဖွယ်လှုပ်ရှားမှုများကို သတင်းပေးကြရန်နှင့် တာလီဘန်လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

Ref——- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *