April 25, 2024

MT News

Written by Hey Mar

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း-တောင်ကြီးသွားလမ်းတွင် မီနီအိုးဝေတစ်စီး မတော်တဆ လမ်းချော်ကာ ရေနှုတ်မြောင်းထဲ ပြုတ်ကျသောကြောင့် ရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦး ထိတ်လန့်သေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းမှ သိရသည်။

ကလောမြို့တွင် ဝယ်ယူထားသည့်မြေကွက်ကို လာရောက်ကြည့်ရှု့ကြသည့် ဧည့်သည်များဖြစ်ပြီး မီနီအိုးဝေဖြင့် အောင်ပန်းသို့ ပြန်အလာတွင် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“ရှေ့နားမှာ ရပ်ထားတဲ့ကားကို ကျော်လိုက်တဲ့အချိန် တစ်ဖက်ယာဥ်ကြောကလည်း ကားအလာမို့ ရှောင်လိုက်ရင်း ဖြစ်သွားတာ။ ကျတာကလည်း လမ်းဘေးမြောင်းပေါ်ကိုပဲ တည့်တည့်ပဲ ကျတာ။ မှောက်တာတွေ ဘာတွေ မရှိဘူး။ ပါလာတဲ့ ခရီးသည်အမျိုးသမီးက သုံးဘီး ရှေ့အကာနဲ့ နဖူး​ဆောင့်မိတာတော့ရှိတယ်။ ဒဏ်ရာ သိပ်မများပါဘူး။ ဒါပေမယ့် နှလုံးရောဂါအခံကြောင့် နှလုံးရပ်ပြီး ဆုံးတာပါ။ ဆေးရုံပို့ကတည်းက အသက်မပါတော့ဘူး”ဟု မြေပြင် ကူညီကုသမှု သွားရောက် လုပ်ဆောင်ပေးခဲ့သည့် အောင်ပန်းနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌက MT News သို့ ပြောသည်။

သေဆုံးအမျိုးသမီး၏ ရုပ်အလောင်းကို အောင်ပန်းမြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ အဆိုပါလူမှုကူညီရေးအသင်းမှ အသင်းပိုင် သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *