April 18, 2024

ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက်ကကျင်းပနေသည်ကို မဲရုံတစ်ခု၌တွေ့ရစဉ်

၉. ၆. ၂၀၂၃

Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်များအနက် ပြည်နယ် ၁၆ ခုရှိ မဲရုံ ၄၇ ခုတို့၌ မဲပေးခဲ့ကြသောအရေအတွက်အား ပြန်လည်ရေတွက်ရန် ရွေးကောက်ပွဲကော်မရှင်က အမိန့်ထုတ်ခဲ့ကြောင်း ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၈ ရက်တွင် သတင်းထုတ်ပြန်မှုပြုခဲ့သည်။

အဆိုပါမဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲတွင် စုစုပေါင်းလာရောက်မဲပေးသူအရေအတွက်က ကိုယ်စားလှယ်လောင်းများအား မဲပေးသူအရေအတွက်နှင့် မကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးခဲ့ကြသောအရေအတွက်အား ပြန်လည်ရေတွက်စစ်ဆေးရန် အမိန့်ထုတ်ခဲ့ခြင်းဟုဆိုသည်။

မဲရုံ ၄၇ ခုတို့၌ ၁၆ ခုတွင် မဲဆန္ဒနယ်အမတ်များအတွက် မဲအရေအတွက်ကို ပြန်လည်ရေတွက်ရန်ဖြစ်ပြီး မဲရုံ ၃၁ ခုတွင် ပါတီစာရင်းအလိုက် အမတ်များရရှိသည့်မဲအရေအတွက်ကို ပြန်လည်ရေတွက်ကြရန်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကို ထိုင်းတစ်နိုင်ငံလုံးရှိ မဲရုံ ၉၅,၀၀၀ ခန့်၌ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ မဲပြန်လည်ရေတွက်မှုအား ဇွန်လ ၁၁ ရက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လအတွင်း၌ပင် ပြန်လည်ရေတွက်ထားသောမဲရလဒ်များကို ပြန်လည်ကြေညာသွားမည်ဖြစ်၍ ဇူလိုင်လ ၁၃ ရက်နောက်ဆုံးထား၍ ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို အတည်ပြုပေးရန်ရှိမှုကို သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ထိုင်းကြားဖြတ်အစိုးရ ဒုတိယဝန်ကြီးချုပ် ဝတ်ဆာနု ခရီငမ် ကပြောခဲ့သည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲစည်းမျဉ်းများအရ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပသည့်နေ့မှ ရက် ၆၀ အတွင်း အနည်းဆုံး ရွေးကောက်ပွဲဝင်အမတ်များ၏ ၉၅ ရာခိုင်နှုန်းကို မှန်ကန်ကြောင်း တရားဝင်အတည်ပြု၍ ထုတ်ပြန်ကြေညာပေးရမည်ဖြစ်သည်။

မဲဆန္ဒရှင်လူထုကမူရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖြစ်နိုင်သမျှအမြန်ဆုံး အတည်ပြုထုတ်ပြန်ပေးရန် ဖိအားပေးလိုလားလျက်ရှိကြသည်။ ရွေးကောက်ပွဲရလဒ်ကိုအတည်ပြုရန် ကြာရှည်နေ၍ နိုင်ငံရေးတွင် မရေမရာဖြစ်နေမှုက နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်ကိုးစားမှုရှိခြင်းကို ထိခိုက်လာနိုင်ကြောင်း ယူဆလျက်ရှိကြသည်။ ရွေးကောက်ပွဲတွင် မဲအများဆုံးရခဲ့သည့် Move Forward Party (MFP) ပါတီကလည်းရွေးကောက်ပွဲရလဒ်များကိုအမြန်ဆုံးအတည်ပြုပေးနိုင်ရန် ရွေးကောက်ပွဲကော်မရှင်အားတိုက်တွန်းနေကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် မဲအများဆုံးရခဲ့သော MFP ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်၏ အစိုးရအသစ်ဦးဆောင်ဖွဲ့စည်းနိုင်ရေးကြိုးပမ်းမှုများကို ကန့်ကွက်ရန် ဥပဒေကြောင်းအရ အားထုတ်မှုများရှိလာခြင်းက နိုင်ငံတွင်း နိုင်ငံရေး အကျပ်အတည်းအခြေအနေကို ဖြစ်ပေါ်စေလျက်ရှိသည်။

Ref—–Nation Thailand, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News