April 18, 2024

၉. ၆. ၂၀၂၃

Written and Photos by Nyein Kyaw/ Peya

စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ရာခိုင်နှုန်းကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အောင်ချက်ရာခိုင်နှုန်းမှာ မကွေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ဖြေဆိုသူ ၁၂,၄၂၁ ဦး အနက် ၉,၃၂၁ ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၇၅ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ကာ ဖြေဆိုသူအများဆုံး တိုင်းဒေသကြီးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ကာ ၂၃,၈၀၇ ဦး ဖြစ်၍ အောင်မြင်သူမှာ ၁၅,၂၈၅ ဦး ရှိပြီး အောင်ချက် ၆၄ ဒသမ ၂၀ ရာခိုင်နှုန်း ရှိသည်။

အောင်ချက်အနည်းဆုံး နေရာမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဖြစ်ပြီး ၁,၁၆၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၆၄၃ ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း မှာ ၅၅ ဒသမ ၃၈ ရာခိုင်နှုန်းရှိကာ ဖြေဆိုသူ အနည်းဆုံးနေရာမှာ ကယားပြည်နယ်ဖြစ်၍ ၉၂၁ ဦး ဝင်ရောက်ဖြေဆိုခဲ့သည့် အနက် ၆၃၇ ဦး အောင်မြင်သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၆၉ ဒသမ ၁၆ ရာခိုင်နှုန်း ရှိသည်ကို တွေ့မြင်ရသည်။

တစ်နိုင်ငံလုံး အမှတ်အများဆုံးအနေဖြင့် သိပ္ပံဘာသာတွဲတွင် ရမှတ်ပေါင်း ၅၅၆ မှတ်ဖြင့် မောင်ဟိန်းဝေယံထွန်းက ပထမ၊ ဝိဇ္ဇာဘာသာတွဲတွင် ရမှတ်ပေါင်း ၅၁၃ မှတ်ဖြင့် မထိုက်သူလင်းက ပထမ၊ ဝိပ္ပံ ဘာသာတွဲတွင် မောင်အောင်ဇော်က ရမှတ်ပေါင်း ၅၃၈ မှတ်ဖြင့် ပထမ ရရှိခဲ့ကြောင်း သိရသည်။

“ဗိုလ်တထောင် (၆) မှာက ဖြေဆိုသူဦးရေ ၆၀၀ ပဲ ဆံ့တာကို အရင်နှစ်တွေက ၅၀၀ ကျော်လာဖြေတယ်။ ဒီနှစ်မှာက ၃၀၀ ကျော်ပဲ လာဖြေထားတာ။ အောင်တာက ၁၉၅ ယောက်အောင်တယ်ဆိုတော့ ဒီကျောင်းမှာ ဖြေဆိုတဲ့သူ ၆၄ ရာခိုင်နှုန်းကျော်အောင်တဲ့သဘော။ ဒီကျောင်းမှာက မနှစ်ကဆို ၅၄ ရာခိုင်နှုန်းကျော်အောင်တယ်” ဟု ဗိုလ်တထောင်မြို့နယ် အ.ထ.က (၆) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

ယခုထုတ်ပြန်သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက် ၉၀ ဒသမ ၉၁ ရာခိုင်နှုန်း ရှိခဲ့သည့်နေရာမှာ နိုင်ငံခြားစာစစ်ဌာနဖြစ်ပြီး ၁၁ ယောက်ဖြေဆိုရာတွင် ၁၀ ယောက်အထိ အောင်မြင်ထားသည်ကို တွေ့မြင်ရသည်။

စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်စာရင်းများကို ဇန်နဝါရီ ၉ ရက်(ယနေ့) နံနက် ၄ နာရီတွင် ပညာရေးဝန်ကြီးဌာနက အွန်လိုင်းဝက်ဘ်ဆိုက်မှလည်းကောင်း နံနက် ၆ နာရီတွင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံများနှင့် စာစစ်ဌာနကျောင်းများတွင်လည်းကောင်း အောင်စာရင်းများကို ထုတ်ပြန် ကြေညာပေးခဲ့ခြင်းဖြစ်သည်။

“ဦးလေးတို့က မနက်ပိုင်း ဆိုင်ထိုင်ဖို့ထွက်ရင်း လာကြည့်တာ။ သားတွေက ညကတည်းက ကြည့်ပြီးပြီ။ ဒီလိုကိုယ်တိုင်လေးကြည့်တာရယ်ဆိုတော့ ပိုပြီးသေချာတာပေါ့။ အွန်လိုင်းကကျ တခါတလေ Error တက်နိုင်တယ်လေ။ ထပ်စစ်တဲ့ပုံစံမျိုးနဲ့ လာကြည့်တာ” ဟု ဗိုလ်တထောင်မြို့နယ် ပညာရေးမှူးရုံးတွင် အောင်စာရင်းလာကြည့်သူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *