March 28, 2024

၉. ၆. ၂၀၂၃
Written By Thandar

တောင်ပေါ်မြို့လေးတစ်ခုမှာ ပုံဖော်ထားတဲ့ “ရောင်စုံခြယ် မြို့ကလေး” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ဟိန်းရတုက ခေါင်းဆောင်အနေနဲ့ ရိုက်ခဲ့ရတဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲဖြစ်လို့ ရင်ခုန်မိတယ်လို့ ဆိုပါတယ်။

“အခုထုတ်လွှင့်မယ့်ကားမှာ ကျွန်တော် ခေါင်းဆောင်အနေနဲ့ ရိုက်ခဲ့ရတဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲ ဖြစ်လို့ ရင်ခုန်မိပါတယ်။ ဒီကားမှာ လူကြီးဆန်ပြီး တည်ငြိမ်ရင့်ကျက်စွာ နေထိုင်တယ်။ စိတ်ရင်းကောင်းပြီး ကြင်နာတတ်သူ အထူးကုဆရာဝန် ဒေါက်တာဇော်နေရာပါဝင်ထားတယ်။ ကိုယ်က တစ်ခုခုဆိုရင် ခံစားချက်ကို ရှေ့တန်းမတင်ဘူး။ မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်မယ်ဆိုရင်လည်း ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချတတ်တဲ့သူနေရာက အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ သရုပ်ဆောင် ဟိန်းရတုက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲ ဇာတ်ညွှန်းပိုင်းကို ဟေမာစန်း ၊ အေးချမ်းမွန် နဲ့ ခင်မောင်ကျော်တို့က ရေးသားပြီး ဒါရိုက်တာ သက်လွင်အောင်က သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းရတု ၊ မိုးသူရ ၊ ထူးပြည့်အောင် ၊ ခွန်းနေကြည်ချို၊ သံစဥ်ဆည်းဆာ ၊ ရွှေကိန္နရီ ၊ သြသံသာချို ၊ မိုးမြင့် ၊ အောင်ထွဋ်နောင် ၊ ဝသုန် ၊ စိုးစံ ၊ မေမြတ်နိုင် ၊ ပြုံးဟန်သာကို ၊ သင်းရတီခင် စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ကျွန်တော်ကတော့ ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား တစ်ခန်းပဲပါရပါရ၊ ကိုယ်ပါတဲ့ ဇာတ်ရုပ်တိုင်းမှာ မျှော်လင့်ချက်လေးတွေနဲ့ ပရိသတ်က ဘယ်လိုမှတ်ချက်ပေးမလဲ။ ဝေဖန်ပေးမလဲ။ ပရိသတ်အားပေးမှုကို စောင့်မျှော်ပြီးတော့ ကြိုးစားနေတယ်။ အောင်မြင်မှု လမ်းကြောင်းပေါ် ခုမှ စလျှောက်ခါစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အနုပညာကို ဆယ်စုနှစ်တစ်ခုကြာချိန်မှ ပရိသတ်က အသိအမှတ်ပြုတာ။ ဟိန်းရတုဆိုတဲ့ နာမည်နဲ့ လူနဲ့တွဲသိသေးတာပါ။ အောင်မြင်အောင်လို့ နောက်ထပ်အများကြီးရည်မှန်းချက် ပန်းတိုင်ကို ရောက်တဲ့အထိကို မရပ်မနားလေ့လာကြိုးစားရမှာပါ”လို့ သူကပြောပါတယ်။

သူဟာ အနုပညာလောကကို ဆယ်စုနှစ်တစ်ခုကျော်ဝင်ခဲ့ပေမယ့်လည်း မဟူရာပုလဲ ဇာတ်ကားမှာ ဂျင်မီထွန်း ကာရိုက်တာကြောင့် ပရိသတ်ပိုသတိထားမိအားပေးလာကြတာလည်း ဖြစ်ပါတယ်။ “ရောင်စုံခြယ် မြို့ကလေး” ဇာတ်လမ်းတွဲကို ဇွန်လ ၁၀ ရက် ည ၈နာရီမှာစတင်ပြီး စနေနေ့ နဲ့ တနင်္ဂနွေနေ့ အပတ်စဉ်တိုင်း MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *