April 16, 2024

၉. ၆. ၂၀၂၃
Written by Ye Kyaw

မြန်မာနှင့်တရုတ်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စီးပွားရေး၊ ပညာရေး၊ အားကစားနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပေးမှုဆိုင်ရာ သဘောတူညီချက် လေးခုကို ဇွန်လ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

မြန်မာနှင့် တရုတ်အစိုးရတို့အကြား တရုတ်နိုင်ငံက အကူအညီပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအတွက် လွှဲပြောင်းလက်ခံလွှာများကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တရုတ်သံအမတ်ကြီး H.E.Mr.Chen Hai တို့က လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံသားများအတွက် ဒေါ်လာ ၆ ဒသမ ၉ သန်းတန်ဖိုးရှိ ကာကွယ်ဆေး သုံးသန်းနှင့် ဆေးထိုးအပ်များ ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။

“မြန်မာနိုင်ငံအားကူညီတဲ့ အသစ်တစ်သုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ Doses သုံးသန်းမှာ ဇွန်လ ၇ ရက်ညတွင် ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံထံ လှူဒါန်းပေးအပ်တဲ့ ပထမအသုတ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းတွေမှာလည်း ဇွန်လ ၁၂ ရက်တွင် ပို့ဆောင်ရောက်ရှိမှာဖြစ်ပြီး လွှဲပြောင်းပေးအပ်ပါ့မယ်” ဟု တရုတ်သံအမတ်ကြီး H.E.Mr.Chen Hai က ပြောသည်။

ထို့အတူ အစိုးရနည်းပညာကောလိပ် (မန္တလေး)အတွက် အွန်လိုင်းဝန်ဆောင်မှုနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့သည့် စီမံကိန်းဆိုင်ရာ သဘောတူညီချက်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌‌ဒေါက်တာမျိုးသိန်းကျော်နှင့် တရုတ်သံအမတ်ကြီး တရုတ်သံအမတ်ကြီး H.E.Mr.Chen Hai တို့က လဲလှယ်ခဲ့ကြပြီး အဆိုပါစီမံကိန်းသည် တရုတ်ငွေ(ယွမ်) ၇၁၇,၂၀၀ တန်ဖိုးရှိကြောင်း သိရသည်။

အလားတူ အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးအတွက် ဆန်းစစ်လေ့လာမှု ပြုလုပ်မည့် စီမံကိန်းဆိုင်ရာ သဘောတူညီချက်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တရုတ်သံအမတ်ကြီး H.E.Mr.Chen Hai တို့က လဲလှယ်ခဲ့ကြပြီး အဆိုပါစီမံကိန်းအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား တရုတ်ငွေ(ယွမ်) ၂,၀၀၀,၀၀၀ ကို စီမံကိန်းအတွက် ထောက်ပံ့ပေးမည်ဖြစ်သည်။

ထိုစီမံကိန်းများအပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်းကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တရုတ်သံအမတ်ကြီး H.E.Mr.Chen Hai တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သုတေသန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အရည်သွေးမြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးနယ်ပယ်များ၌ ဝန်ကြီးဌာန ခုနစ်ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း စုစုပေါင်း ၁၄ ခုအတွက် ဒေါ်လာ ၃ ဒသမ ၈ သန်းကို မြန်မာနိုင်ငံသို လွှဲပြောင်း ပေးအပ်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *