April 16, 2024

၉. ၆. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ ပတ္တယားမြို့ရဲတပ်ဖွဲ့သည် ဇွန်လ ၇ ရက် ညပိုင်းက လိုင်စင်မရှိဘဲဖွင့်လှစ်နေသော ကာရာအိုကေ ဘားဆိုင်ကို စီးနင်းခဲ့ရာ ဘားဆိုင်ပိုင်ရှင်နှင့်အတူ အလုပ်လုပ်ခွင့် မရှိဘဲလုပ်ကိုင်နေသော မြန်မာနိုင်ငံသားအမျိုးသမီး ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပတ္တယားမြို့ရဲတပ်ဖွဲ့အကြီးအကဲ Surachet Eneksri ဦးဆောင်သောရဲတပ်ဖွဲ့သည် မြို့တောင်ဘက်ပိုင်းဖြစ်သော Soi Ko Phai အရပ်ဒေသတွင် ဖွင့်လှစ်ထားသော“Saikheng Karaoke” ဆိုင်ကို စီးနင်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် ကာရာအိုကေဆိုင်ကို စီးနင်းချိန်အတွင်း တရားမဝင်ပစ္စည်းများရှိ မရှိဆိုသောအချက်ကိုစုံစမ်းရှာဖွေခဲ့ပြီး မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်းမရှိကြောင်း၊ သို့သော်လည်း ခွင့်ပြုချက်မရှိဘဲ ဘားဆိုင်ဖွင့်လှစ်ကာ အရက်များရောင်းချနေခြင်းအချက်ကို တွေ့ရှိခဲ့ကြောင်း ပြောသည်။

ဖမ်းဆီးရမိသူများတွင် ပါဝင်သော မြန်မာနိုင်ငံသားအမျိုးသမီး ၅ ဦးသည် ဖောက်သည်များအရက်သောက်သုံးရန်အတွက် ကူညီပေးခြင်း၊ ဖောက်သည်များနှင့်အတူ အရက်ဝိုင်းတွင် အတူထိုင်ပေးခြင်းများ လုပ်ဆောင်ရကြောင်း သိရသည်။

ဖမ်းဆီးခံရသော မြန်မာအမျိုးသမီးတစ်ဦးက ” အရက်လာသောက်တဲ့ ဖောက်သည်ရဲ့သူငယ်ချင်းမိတ်ဆွ ပုံစံမျိုး အတူ ထိုင်ပေးရတယ်။ ဖောက်သည်တွေ အထီးကျန်မှုမရှိအောင်အတူ သောက်သုံးပေးတာ၊ စကားပြောပေးတာမျိုးတွေလုပ်ရတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ကာရာအိုကေ ဘားဆိုင်ပိုင်ရှင်နှင့်မြန်မာနိုင်ငံသား ၅ ဦးကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ပတ္တယားမြို့ရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသား ၅ ဦးနှင့် ကာရာအိုကေဆိုင်ပိုင်ရှင်ကို ခွင့်ပြုချက်မရှိဘဲဘားဆိုင်ဖွင့်ခြင်း၊ ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ကိုင်ခြင်းစသော စွဲချက်များဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ထိုင်းပတ္တယားမြို့ရဲတပ်ဖွဲ့ကပြောသည်။ ထိုင်းအစိုးရသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်နေသော နိုင်ငံခြားသားများကို မကြာခဏဖမ်းဆီးပြီး မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း၊ စွဲချက်တင်ဖမ်းဆီးထောင်ချခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

Ref——- MGR online

Leave a Reply

Your email address will not be published. Required fields are marked *