April 25, 2024

၇. ၆. ၂၀၂၃
Written by Pan Ei

Disney ရဲ့ နောက်ဆုံးထွက်ရုပ်ရှင်ဖြစ်တဲ့ “The Little Mermaid” မှာ ရေသူမ Ariel အဖြစ် လူမည်းသရုပ်ဆောင် Halle Bailey က အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတာနဲ့ ပတ်သက်ပြီး တရုတ်နဲ့ တောင်ကိုရီးယား ရုပ်ရှင်ကြည့်ရှုသူတွေအကြား လူမျိုးရေးခွဲခြားမှုတွေလည်း ရှိနေပြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။

The Little Mermaid” ကို တရုတ်နိုင်ငံမှာ မေလ ၂၆ ရက်က စတင်ရုံတင်ခဲ့တာဖြစ်ပြီး ရုံတင်ငွေ ဒေါ်လာ ၃ ဒသမ ၆ သန်းသာ ရရှိခဲ့ကာ ရုံတင်တာ ငါးရက်ပဲရှိသေးတဲ့ “Spider-Man: Across the Spider-Verse” ဇာတ်ကားရဲ့ ရုံတင်ငွေ ဒေါ်လာ သန်း ၂၀ နဲ့နှိုင်းယှဉ်မယ်ဆို အလွန်နည်းနေတဲ့ ပမာဏပဲ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ကို တောင်ကိုရီးယားနိုင်ငံမှာတော့ မေလ ၂၄ ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပြီး ပထမပတ်အတွင်း ကြည့်ရှုသူ ၄၇၂,၀၀၀ ရှိခဲ့ကာရုံတင်ငွေ ဒေါ်လာ ၄ ဒသမ ၄ သန်းသာ ရရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူငယ် လူမည်းမိန်းကလေးတွေက Disney ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးကြပြီး Halle Bailey ရဲ့ ကျော်ကြားတဲ့ အခန်းကဏ္ဍကြောင့် ဖန်သားပြင်ပေါ်မှာ သူတို့ကို ကိုယ်စားပြုတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်ပြည်မကြီးမှာရှိတဲ့ ပရိသတ်တွေက Bailey ရဲ့သရုပ်ဆောင်မှုအပေါ် စိတ်ပျက်မိကြောင်း ဖော်ပြကြပြီး အဆိုပါရုပ်ရှင်ကို ကန့်ကွက်ကြောင်းစာတွေလည်း အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ကာ တရုတ်နိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်ပြန်လည်သုံးသပ်ရေးဝက်ဘ်ဆိုတ်ဖြစ်တဲ့ Douban မှာလည်း အသုံးပြုသူတွေကပေးတဲ့ရီဗျူးမှတ် ၁၀ မှာ ၅ ဒသမ ၁ မှတ်သာ ရရှိခဲ့ပါတယ်။

တရုတ်နိုင်ငံက အင်တာနက်အသုံးပြုသူတွေက Bailey ရဲ့ အသားအရောင်နဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံခံတဲ့မှတ်ချက်များစွာကို ပေးခဲ့ကြသလို ကိုရီးယားနိုင်ငံမှာလည်း အလားတူပဲဖြစ်ကာ “ကျွန်ုပ်ရဲ့ ချစ်မြတ်နိုးလှစွာသော ကလေးဘဝအမှတ်တရတွေနဲ့ Ariel ရဲ့ပုံရိပ်ကို မဖျက်စီးပါနဲ့” လို့ အွန်လိုင်းအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ရုံမတင်ရသေးတဲ့ ဂျပန်မှာလည်း Ariel ရဲ့ သရုပ်ဖော်ပုံက သူတို့မှတ်မိတဲ့ ဇာတ်ကောင်ပုံစံနဲ့ ကွဲလွဲနေတယ်လို့ ဝေဖန်မှုတွေ ကြုံတွေ့နေရပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ရုံတင်ငွေဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပမာဏအနည်းငယ်မျှသာ ရရှိနေတာကြောင့် “The Little Mermaid” အနေနဲ့တော့ ရုပ်ရှင်တစ်ခုလုံးရဲ့ စီးပွားရေးကို ထိခိုက်နိုင်ဖွယ်ရှိနေပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *