April 23, 2024

Huguenot အထက်တန်း ကျောင်းအနီးတွင် ကျောင်းပြီးဆုံးအောင်မြင်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား အပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားသောနေရာကိုတွေ့ရစဉ်

၇. ၆. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဗားဂျီးနီးယားပြည်နယ်မြို့တော် ရစ်ချ်မွန်တွင် အထက်တန်းကျောင်းတစ်ခု၌ ကျောင်းပြီးဆုံးအောင်မြင်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတစ်ခု၏ အပြင်ဘက်၌ သေနတ်ပစ်ခတ်မှုတစ်ရပ် ဇွန်လ ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များကပြောခဲ့သည်။

ဖြစ်ရပ်တွင် သံသယရှိရသော အသက် ၁၉ နှစ်ရှိအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရစ်ချ်မွန်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ရစ်ခ် အက်ဝပ်က ပြောခဲ့သည်။ ပစ်ခတ်မှုမှာ ဇွန်လ ၆ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ် မတိုင်မီတွင် အယ်လ်ထရီယာကဇတ်ရုံ အပြင်ဘက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၁၈ နှစ်နှင့် ၃၆ နှစ်စီရှိသော အမျိုးသားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးရကာ အများအပြားဒဏ်ရာရခဲ့ကြောင်း ၎င်းက သတင်းစာရှင်းပွဲတွင် ပြောခဲ့သည်။

ထို့ပြင် အဆိုပါပစ်ခတ်မှုတွင် ဖမ်းဆီးထားသူက သေဆုံးသူများအနက် အနည်းဆုံးတစ်ဦးကို သိလိမ့်မည်ဟုထင်မိကြောင်းလည်း ၎င်းကပြောခဲ့သည်။

အာဏာပိုင်များက ပစ်ခတ်မှုတွင် ဒဏ်ရာရရှိသူများ၏ အမည်စာရင်းကိုမူ ထုတ်ပြန်ခြင်းမပြုခဲ့ပေ။ ရစ်ခ် အက်ဝပ်က ဒဏ်ရာရရှိသူများတွင် မိန်းကလေးတစ်ဦးပါပြီး ၎င်းတို့မှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်းလည်း ပြောခဲ့သည်။

ပစ်ခတ်မှုက အယ်လ်ထရီယာကဇာတ်ရုံနှင့်ကပ်လျက် မွန်ရိုးပန်းခြံအတွင်းတွင် အနီ ရှိ Huguenot အထက်တန်းကျောင်းမှ ကျောင်းပြီးဆုံးအောင်မြင်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတစ်ခုအပြီး ဖြစ်ပွားခဲ့ခြင်းဟု သိရပြီး ကျောင်း၌ ထိုနေ့ညနေတွင် ပြုလုပ်ရန်ရှိသော အခြား အခမ်းအနားတစ်ခုကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ပစ်ခတ်မှုတွင် သေနတ်သံ အချက် ၂၀ ခန့်လည်းကြားခဲ့ရကာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် သေနတ်လေးလက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သို့သော်တစ်လက်မှာ ပစ်ခတ်မှုနှင့်မသက်ဆိုင်ကြောင်း ရစ်ခ် အက်ဝပ် က ပြောခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ ခုနှစ်အတွင်း ဤကဲ့သို့ လူအများအား သေနတ်ဖြင့်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်မှာ ၂၇၉ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Ref—— The New York Times

Leave a Reply

Your email address will not be published. Required fields are marked *