၇. ၆ .၂၀၂၃
Written by Hey Mar

ပုဂံဒေသတွင် မိုခါမုန်တိုင်းအကြို မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းနှင့် မုန်တိုင်းအလွန် မိုးဆက်လက်ရွာသွန်းခြင်းများကြောင့် ဘုရားအချို့၏အခြေများတွင် ယာယီရေဝပ်ခြင်းများဖြစ်ပေါ်လျှက်ရှိနေ၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဇုန်နယ်မြေရှိ ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေးပြုပြင်ထိန်းသိမ်းမှုများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှုးဦးညီမွန်းက MT News သို့ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေစီးဆင်းသည့်လမ်းကြောင်းများအနက် ပုဂံမျှော်၊ ရွှေနန်းရင်တော်ဘုရားစုတဝိုက်မှရေများ အနော်ရထာလမ်းမကြီးကို ဖြတ်ကျော်စီးဆင်းခဲ့သဖြင့် ရွာဟောင်းကြီးဘုရားအနီးတွင် ရေများယာယီဝပ်ခြင်း၊ ထိုရေများ မဝပ်စေရန်အတွက် ရေစီးမြောင်း၊ ရေခေါ်မြောင်းအား ဆက်လက်ဆောင်ရွက်လျက်ရှိနေပြီး အဆိုပါရေဝပ်ဧရိယာမှရေများ ပုဂံမြို့ရိုးကျုံးအတွင်း စီးဆင်းနိုင်မည့် လုပ်ငန်းစဥ်အား မကြာမီကာလတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ပုဂံက ပုံမှန်ဆို မိုးရေချိန်နည်းတယ်။ မိုခါအရှိန်နဲ့ ရွာသွန်းတဲ့မိုးက ဆက်တိုက် ခန့်မှန်း ၃ ရက်လောက်ရွာတာကို မိုးရေချိန် ၁၅ လက်မကျော်တယ်။ မိုးလေဝသ မှတ်တမ်းတွေအရ ၁၉၇၅ ခုနှစ်ကနေ ၂၀၂၃ အထိပျမ်းမျှရွာခဲ့တဲ့ မိုးရေချိန်လက်မတွေက အားလုံး ဇန်နဝါရီကနေ ဒီဇင်ဘာလအလိုက်ကိုမှ ၂၄ လက်မကျော်ပဲရှိတယ်။ အခု ၃ ရက်လောက်ရွာတဲ့မိုးက များတယ်ပြောလိုရတယ်”ဟု ဦးညီမွန်းက ပြောသည်။

မိုခါမုန်တိုင်း အရှိန်ကြောင့် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေဒေသရှိ အထင်ကရ ဘုရားစေတီပုထိုးတချို့တွင်လည်း ထိခိုက်မှုများရှိခဲ့သည့်အပေါ် ဦးညီမွန်းက”အထင်ကရ ဘုရားတွေထဲကဆိုရင် ဓမ္မရာဇက ဘုရားရင်ပြင်အုတ်ခုံပဲ့ကျတယ်။ သဗ္ဗညုရင်ပြင် တံတိုင်းအနည်းငယ်ပဲ့ကျတယ်။ ထီးလိုမင်းလိုဘုရားမှာလည်းအရှေ့မြောက်ဘက်က မုခ်ပဲ့ကျတယ်။ ကန်တော့ပလ္လင်ဘုရားလည်းထိတယ်။ အနောက်ဘက်မုခ်တောင်ဘက်အခြမ်းက တံတိုင်းပဲ့ကျတယ်။ နရသီဟပတေ့ဘုရားကတော့ အနောက်မြောက်ထောင့်က အုတ်ရိုးပဲ့ကျတယ် များများစားစားကြီး ဖြစ်သွားတာမျိုးမဟုတ်ပါဘူး။ အဓိက,က အောက်ခြေ ယာယီရေဝပ်သွားတဲ့အတွက် ဖြစ်သွားတဲ့အခြေအနေပါ” ဟု ရှင်းပြသည်။

၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်စဥ်က ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရားလည်း ယခုဖြစ်စဥ်တွင် အပြင်ရင်ပြင်တံတိုင်းထိခိုက်မှုရှိခဲ့သော်လည်း ယင်းဘုရားအား ပြုပြင်ထိန်းသိမ်းရန် တရုတ်အဖွဲ့မှ ပုံမှန်ဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး လာမည့် ဇွန်လ ၁၀ ရက်နေ့တွင်လည်း တရုတ်ဗိသုကာပညာရှင်များအဖွဲ့ ထပ်မံရောက်ရှိမည်ဖြစ်ရာ နှစ်နိုင်ငံ MOU လုပ်ငန်းစဥ်များအရပါ တာဝန်ယူထားသည့်အတွက် ယာယီဆောင်ရွက်ချက်များဖြင့် အထိန်းသဘောသာ လက်ရှိတွင် ဆောင်ရွက်ပေးရကြောင်းလည်း သိရသည်။

“၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ပုဂံဒေသကဘုရားစေတီတွေအားလုံးကို လုပ်ငန်းအရှိန်မြှင့် ဆောင်ရွက်တော့မှာပါ။ ငလျင်အပြီး ကြီးကြီးမားမား ထိခိုက်ထားတာလည်း မရှိသလို မြန်မာအင်ဂျင်နီယာတွေဘက်ကလည်း တစ်ပတ်တစ်ကြိမ်သွားရောက်ပြီး ပုံမှန်စစ်ဆေးလျက်ရှိပါတယ်”ဟု ဦးညီမွန်းက ဆိုသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်က ရေကြီးရေလျှံ၊ ရေဝပ်မှုဖြစ်ပေါ်ခဲ့သည့် စူဠာမဏိဘုရားတဝိုက်တွင် ရေနှုတ်မြောင်းနှင့် ရေလွှဲများပြုလုပ်ခြင်း၊ မန်ကျည်းကန်ဆယ်ခြင်း၊ တံတိုင်းရေထွက်ပေါက်များ ရေစီးဆင်းမှုကောင်းစေရန် ဌာနက ကြိုတင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုဖြစ်စဥ်တွင် ရေကြီးရေဝပ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ပျက်စီးသွားသည်များကို ဆက်လက်ပြုပြင်ထိန်းသိမ်းရာတွင် ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေဖြင့် ထိန်းသိမ်းပြုပြင်ရန် တင်ပြထားပြီး၊ ဂေါပကရှိသည့် ဘုရားများကို ဂေါပက ရန်ပုံငွေသုံးကာ ဆက်လက်ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။ အချို့ ရှေးဟောင်းအဆောက်အအုံ အနည်းငယ်တွင်လည်း သာမန် မိုးရေယိုစိမ့်မှုများဖြစ်ပေါ်သည်ကိုတွေ့ရှိရပီး အချို့ဘုရား အခြေနေရာတွင် ရေအနည်းငယ် ယာယီဝပ်နေသဖြင့် Conservation Guideline များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရေကျော် ၊ ရေထွက် ၊ ရေလွှဲတွေ၊ ရေနှုတ်မြောင်းတွေ လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့က သဘာဝ မြေသားမြောင်းလေးတွေနဲ့ပဲ စနစ်တကျ လွှဲထုတ်လို့ ရအောင်ဆောင်ရွက်ရပါတယ်။ ရှေးဟောင်းအမွေအနှစ်ဒေသမို့ ကွန်ကရစ်ကို မရှိစေချင်တာမို့ ဒီလို သဘာဝ အရံအတားတွေကိုပဲ နေ့စဥ် အပတ်စဥ် လူအင်အားသုံးပြီး ပုံမှန်လုပ်ဆောင်နေပါတယ်”ဟု ဦးညီမွန်းက MT News ကို ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News