April 20, 2024

၅. ၆. ၂၀၂၃
Written by Pan Ei

မန်စီးတီးဂိုးသမား အီဒါဆင်ဟာ သူ့ရဲ့ ဆုဖလားတွေများစွာရယူခဲ့တဲ့ ကစားသမားဘဝနောက်ကွယ်က ထူးထူးဆန်းဆန်းအယူသီးမှုအကြောင်းကို မကြာသေးမီက TNT Sports နဲ့ အင်တာဗျူးကနေတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မန်စီးတီးကို ရောက်ရှိလာကတည်းက သူဟာ ခြောက်နှစ်အတွင်း မယုံနိုင်လောက်စရာ ချန်ပီယံဆု ၅ ခုကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမဲ့ အောင်မြင်မှုနောက်ကွယ်မှာ အီဒါဆင်ရဲ့ အလွန်ထူးခြားတဲ့ အလေ့အထတစ်ခု ရှိနေပါတယ်။

ထိပ်တန်းအားကစားသမားတွေမှာ သူတို့ရဲ့ အယူသီးမှုတွေ ရှိတတ်ကြပြီး အီဒါဆင်ရဲ့ အယူသီးမှုကတော့ တူညီတဲ့အတွင်းခံတစ်ထည်ကိုပဲ ကစားပွဲတိုင်းမှာ ဝတ်ဆင်တတ်တာပါ။

“ကစားပွဲတိုင်းမှာ တူညီတဲ့အတွင်းခံ ဝတ်ဆင်တဲ့ အယူသီးမှု တစ်ခု ရှိတယ်။ အိမ်ကလူတွေတောင် အဲ့ဒါကို သိပြီး သူတို့က ထောင့်မှာ သေချာသိမ်းပေးထားပါတယ်။ အဲဒါက တစ်ရာသီမှာ တစ်ခုပါပဲ။ အများကြီးဝတ်ရတော့ နွမ်းပြီး ပေါက်သွားလို့ပါ” လို့ အီဒါဆင်က သူ့ရဲ့ အယူသီးမှုအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘင်ဖီကာအသင်းကနေ ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းကို ပြောင်းလာခဲ့တဲ့ အီဒါဆင်ဟာ ဘင်ဖီကာအသင်းနဲ့ မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်းမှာ အမှတ်ပေးဖလား ခုနစ်လုံး ရခဲ့တာကြောင့် အဲဒါက အလုပ်ဖြစ်နေပါတယ် ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ သုံးရာသီဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပြီးနောက် FA ဖလားကိုလည်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကာ သမိုင်းဝင် ဆုဖလားသုံးလုံးရယူနိုင်ဖို့ လမ်းကြောင်းပေါ် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

Ref; Sportbible

Leave a Reply

Your email address will not be published. Required fields are marked *