April 28, 2024

၅. ၆. ၂၀၂၃
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး (၅) ရှိ အိမ်တစ်အိမ်မှ အသက် ၁၀ နှစ်အောက် မောင်နှမနှစ်ဦးကို အိမ်ခြံဝန်းထဲမှ ဆွဲထုတ်ပြန်ပေးဆွဲမှုတစ်ခု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး မိသားစုမှ အချိန်မီသိရှိကာ သက်ဆိုင်ရာနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် အချိန်ပိုင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ အသက် ၈ နှစ်အရွယ် ယောကျာ်းလေးနှင့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တို့နှစ်ဦး၏ ကျောင်းလွယ်အိတ်များနှင့် စာအုပ်များပြန့်ကျဲလျက် အိမ်ခြံစည်းရိုးအနားတွင်တွေ့ရှိရပြီး ကလေးနှစ်ဦးမှာ ပျောက်ဆုံးနေကာ ခြံစည်းရိုးအနားတွင်လည်း မသင်္ကာဖွယ် ခြေရာများတွေ့ရသဖြင့် မိသားစုမှ သက်ဆိုင်ရာသို့ အကူအညီတောင်းကာ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဘယ်လိုဖြစ်ရလဲဆိုတော့ ခြံစည်းရိုးသံဇကာကနေ ကလေးတွေကို ဆွဲထုတ်သွားတာလို့ အခု ပြန်တွေ့တော့ မေးကြည့်လို့ သိရပါတယ်။ ပြန်တွေ့တာကလည်း အိမ်နဲ့ လှမ်းတဲ့ ပဲခူးကောလိပ်နားမှာ ပြန်တွေ့တာပါ။ ကလေးတွေက ပြောပြတာကတော့ အင်္ကျီ၊ ဘောင်းဘီ အမဲဝမ်းဆက် ဝတ်ထားပြီး မျက်နှာကို မက်စ်နဲ့အုပ် ခေါင်းစွတ်အမဲစွတ်ထားတဲ့သူက ခြံစည်းရိုးနားကို ကလေးတွေကိုခေါပြီး ဆွဲထုတ်သွားတာလို့ ပြောပါတယ်။ အရင်ကတော့ ရပ်ကွက်ထဲ ရန်ငြိုးရန်စက ဒီရက်ပိုင်းအတွင်း အိမ်မွေး ချင်းခွေးကြောင့် ပြဿနာတက်နေတာပါ။ လမ်းထဲက ကလေးတစ်ယောက်ကို အဲ့ဒီခွေးက ကိုက်လိုက်လို့ အခု ကလေးအဆွဲခံရတဲ့အိမ်က ဆေးထိုးပေးရတယ်ပေါ့။ အဲ့ဒါကို လျော်ခိုင်းတော့ မလျော်လို့ ခွေးကို သ-တ်မယ်ဆိုတော့ ခွေးရှင်ကလဲ သ-တ်ဖို့ ရပ်ကွက်ရုံးမှာ လက်မှတ်ထိုးပေးလိုက်ရတယ်။ အဲဒီမှာ သ-တ်တာကို ကိုက်တဲ့ ချင်းခွေးကမသေဘဲ အစာအဆိပ်ချတာမို့ လမ်းထဲက တခြားခွေးတွေက သေကုန်တယ်။ ချင်းခွေးက ပျောက်နေတော့ အကိုက်ခံရသူတွေက ပြန်ရှာပေးဖို့ တောင်းဆိုတာကို ခွေးရှင်ဘက်ကလည်း သူတို့လက်မှတ်ထိုးပေးပြီးတာ၊ ဆေးထိုးပေးပြီးတာမို့ မရှာပေးနိုင်ဘူး ဆိုရာကနေ ပြဿနာ အကြီးအကျယ်တက်ထားတာရှိတယ်”ဟု ယခု ဖြစ်စဥ်တွင် ကလေးများ၏ ဆွေမျိုးတော်စပ်သူမှ MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ကလေးများ ပြန်ပေး အဆွဲခံရသည့် အိမ်၏အနီးတွင် အိမ်ရှေ့ ဘက်၌ ဘုန်းကြီးကျောင်း၊ အိမ်၏ခေါင်းရင်းတွင် ခြံကွက်လပ်ဖြစ်ပြီး အိမ်ခြေရင်းဘက် အိမ်တွင်လည်း လူမရှိဟု သိရသည်။ မိဘများမှာ ပွဲစားအလုပ်လုပ်ပြီး ၁၃ နှစ်အရွယ် အကိုအကြီးဆုံးဖြစ်သူမှာလည်း အိမ်အနီးရှိ ဂျပန်စာသင်တန်းကျောင်းတွင် သင်တန်းသွားရောက် တက်ရောက်နေချိန် ယခုလို ဖြစ်ပွားခြင်းဖြစ်ပြီး၊ ကလေးငယ်များအားပြန်တွေ့ချိန်၌ ခြံစည်းရိုးမှ ဆွဲထုတ်သဖြင့် ဘောင်းဘီများပြဲနေသည့် ပုံစံဖြင့် ပြန်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်အား ပဲခူးအမှတ်(၃) ရဲစခန်းမှ ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *