April 26, 2024

MT News

Written by Thettant

ကျောင်းအပ်နှံမှုနောက်ကျသူများ လာရောက်အပ်နှံပါက ဇွန်လကုန်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်​ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

မေလ ၂၃ ရက်မှ မေလ ၃၁ ရက်အထိအား ကျောင်းအပ်နှံမှု ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံသူကလေးငယ် ၆ သန်းခွဲကျော်ရှိပြီး ယမန်နှစ်ထက် ကျောင်းအပ်နှံသူ ၈၆၀၀၀၀ ကျော် ပိုမိုများပြားခဲ့သလို ဇွန်လ ၁ ရက် ကျောင်းဖွင့်လှစ်ရာတွင်လည်း ကျောင်းတက်သူ ၆ ဒသမ ၂ သန်းကျော် ရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်တဝှမ်းရှိ အခြေခံပညာကျောင်းအများစုတစ်ပြိုင်နက် စတင်ဖွင့်ခဲ့လှစ်ပြီး ယခုပညာသင်နှစ်တွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံးကို ကျောင်းအပ်သူများထံမှ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန်၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးရန်၊ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးရန်၊ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် စသည့်အချက်များ သိရှိလိုက်နာရန် ညွှန်ကြားထားကြောင်း သိရသည်။

“ဆရာမတို့ ကျောင်းကတော့ အရင်နှစ်ထက် ကျောင်းတက်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေ ပိုများလာပါတယ်။ အရင်နှစ် ၂၀၂၂ ခုနှစ် ကျောင်းတက်သူ အယောက် ၄၀၀ ကျော်ပဲ ရှိပါတယ်။ ဒီနှစ် ကျောင်းတက်သူ စာရင်းက အယောက် ၆၀၀ ရှိပါတယ်”ဟု ဒေါပုံမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက MT News ကို ပြောသည်။

ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားပြီး ယခုနှစ် (၂၀၂၃- ၂၀၂၄)ပညာသင်နှစ်ကို စနစ်သစ်ပညာရေးစနစ်ဖြစ်သည့် KG+12 ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ စနစ်သစ်ပညာရေးကို ပြီးခဲ့သည့် (၂၀၁၆- ၂၀၁၇) ပညာသင်နှစ်တွင် စတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News