၃၀. ၅. ၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးလည်းဖြစ်သော ပေါ်တူဂီနိုင်ငံ၏ဘောလုံးအကျော်အမော် ဖြစ်သည့် ခရစ္စတီယာနို ရော်နယ်လ်ဒိုက လာမည့် ဇွန်လအတွင်း စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်လိမ့်မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ပြင်သစ်အားကစားစာစောင်တစ်ခုဖြစ်သော France Foortball မဂ္ဂဇင်းက နှစ်စဉ်ချီးမြှင့်သည့် Ballon d’Or ဆုကို ငါးကြိမ်တိုင်ရရှိခဲ့ဖူးပြီး၊ ဥရောပရွှေဖိနပ်ဆု European Golden Shoes ကိုလည်း ရရှိမှုအကြိမ်ရေ အများဆုံး ဥရောပဘောလုံးသမားအဖြစ် လေးကြိမ်တိုင်ရရှိခဲ့ဖူးသည့် ပေါ်တူဂီဘောလုံးသမား ရော်နယ်လ်ဒိုက စင်ကာပူသို့ လွန်ခဲ့သည့်နှစ်များကလည်း လာရောက်လည်ပတ်မှုများရှိခဲ့ဖူးသည်။

၎င်းလည်ပတ်မှုခရီးစဉ်များတွင် စင်ကာပူအိုလံပစ်ဖောင်ဒေးရှင်း၏ ပီတာလင်းပညာတော်သင်ဆု (Peter Lim Scholarship) ၏ အထောက်အပံ့ခရီးစဉ်များလည်းပါခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ရော်နယ်လ်ဒို က Yumin မူလတန်းကျောင်းသို့လည်း ရုတ်တရက် အလည်အပတ်ခရီး သွားခဲ့သေးသည်။ မေလ ၁၄ ရက်ကမူ Instagram လူမှုကွန်ရက်တွင် ပုံတစ်ပုံနှင့်အတူ ရော်နယ်လ်ဒိုက “ပြီးခဲ့တဲ့နှစ်အနည်းငယ်က စင်ကာပူကိုသွားရောက်လည်ပတ်ခဲ့ရပြီး အချိန်တော်တော်များများ ကလေးတွေနဲ့ ကုန်ဆုံးခဲ့ရကာ ပီတာလင်းပညာတော်သင်ဆုရဲ့ဆောင်ရွက်မှုတွေကို တွေ့မြင်ခဲ့ရလို့ ကြည်နူးပီတိဖြစ်မိပါတယ်” ဟု ရေးသားခဲ့သည်။

ရော်နယ်လ်ဒို က “နောက်လထဲမှာတော့ သူတို့အားလုံးကို တစ်ခါပြန်ပြီးဆုံရအုံးမှာပေါ့” ဟုလည်းပြောခဲ့သည်။

ပီတာလင်းပညာတော်သင်ဆုအား စပိန်ဘောလုံးကလပ်အသင်း Valencia က ပိုင်ဆိုင်ပြီး ရော်နယ်လ်ဒိုနှင့် မိတ်ဆွေဖြစ်သော ပီတာလင်း၏လှူဒါန်းငွေ စင်ကာပူဒေါ်လာ ၁၀ သန်း(အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၈ သန်း)ဖြင့် စင်ကာပူအိုလံပစ်ဖောင်ဒေးရှင်းက ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ထိုပညာတော်သင်ဆုက အားကစားတွင်အောင်မြင်ရန်ဆန္ဒပြင်းပြကြသော လူငယ်အားကစားသမားများကို ငွေကြေးထောက်ပံ့မှုပြုပေးခြင်းဖြစ်သည်။

ပီတာလင်း၏လှူဒါန်းငွေ စင်ကာပူဒေါ်လာ ၁၀ သန်းက စင်ကာပူနိုင်ငံတွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကတစ်ဦးချင်းလှူဒါန်းမှုများအနက် အကြီးမားဆုံးဖြစ်ကြောင်း စင်ကာပူအိုလံပစ်ဖောင်ဒေးရှင်းကပြောခဲ့သည်။

ရော်နယ်လ်ဒိုက ၎င်း၏ မန်ချက်စတာယူနိုက်တစ် အသင်းနှင့်သဘောတူစာချုပ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိတွင် ဆော်ဒီအာရေးဗျ Professional League ပြိုင်ပွဲ၌ Al Nassr အသင်းတွင် ပါဝင်ကစားလျက်ရှိသည်။
Ref—–CNA

Leave a Reply

Your email address will not be published. Required fields are marked *