၃၀. ၅. ၂၀၂၃
Written by Nyein Kyaw

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၅) နှစ်တစ်ကြိမ် ရွှေစင်ရွှေပြားများကို ကပ်လှူပူဇော်နိုင်ရန်အတွက် အထူ ၂၀ ဂိတ်ရှိ (၁၀”x၁၀”)နှင့် အရွယ်စုံကြေးပြားများပေါ်တွင် ၁ ကျပ်သား‌ရွှေစင်ပြား (Gold Coating)များ ထုတ်လုပ်သည့် လုပ်ငန်းဆောင်ရွက်ရန်အတွက် ဈေးပြိုင်အဆိုပြုလွှာခေါ်ယူသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မေလ ၃၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာထားသည်။

“အရေအတွက်ကတော့ အရမ်းနည်းမှာတော့ မဟုတ်ဘူး။ ဒီနှစ်တင်မယ့်ဟာကို ခပ်မှာဆိုတော့လေ။ အတိအကျကြတော့လည်း ပြောလို့မရသေးဘူး။ ပစ္စယံအပိုင်းတွေပဲလုပ်တာ။ အခု Coating က အောက်ပိုင်းပေါ့။ အထက်ပိုင်းကျတော့ Gold Plate (ရွှေပြား)ပဲကပ်တာ။ အခုကတော့ Gold Coating ပါ” ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ လုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် ဈေးပြိုင်အဆိုပြုလွှာနှင့် စည်းကမ်းချက်တစ်စုံကို ငွေကျပ် ၁၀,၀၀၀ (ကျပ်တစ်သောင်း)ဖြင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး၊ ရွှေနှင့်ရတနာဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှ ၂၀ ရက်အထိ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

ဈေးပြိုင်အဆိုပြုလွှာ မတင်သွင်းမီ လုပ်ငန်းအတွေ့အကြုံအထောက်အထားနှင့် ရွှေစင် ၁ ကျပ်သားတင် နမူနာရွှေစင်ပြား တစ်ချပ်တိုကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ကြိုတင်ပေးသွင်းရမည်ဖြစ်သည်။

‌ရွှေစင် ၁ိ သား‌ရွှေစင်ပြား (Gold Coating)များ ထုတ်လုပ်ရန်အတွက် ထုတ်လုပ်ခနှင့် အလျော့တွက်အား တစ်ချပ်လျှင် မည်မျှရယူလိုသည်ကို ဈေးပြိုင်အဆိုပြုလွှာတွင် ထည့်သွင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ကိုယ်တိုင်တင်သွင်းရမည်ဖြစ်ပြီး ဂေါပကအဖွဲ့မှ ဈေးပြိုင်အဆိုပြုလွှာ တင်သွင်းသူများရှေ့မှောက်တွင် စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News