၃၀. ၅. ၂၀၂၃
Written by Nay Aung

မြန်မာအာဏာပိုင်များသည် တရုတ်ကာစီနိုလုပ်ငန်းများနှင့် အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုကျူးလွန်နေသော ရာဇဝတ်ဂိုဏ်းလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု စွပ်စွဲမှုများရှိနေသော ကရင်ပြည်နယ် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန် စီမံကိန်းများထံ လျှပ်စစ်မီးပေးခြင်းများ ဆက်လက်မလုပ်ဆောင်ရန် ထိုင်းအစိုးရအာဏာပိုင်များကို တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တက်ခရိုင်အုပ်ချုပ်ရေးမှူး Somchai Kitcharoenrungroj ထံပေးပို့သော ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့ (Provincial Electricity Authority (PEA)၏ စာထဲတွင် သောင်းရင်းမြစ်ကို ဖြတ်သန်းသွယ်တန်းပြီး ရွှေကုက္ကိုလ်ရှိ တရုတ် စီးပွားရေးလုပ်ငန်းများထံလျှပ်စစ်မီးများ ပေးဝေနေခြင်းများကိုဖျက်သိမ်းရန် မြန်မာဘက်က တောင်းဆိုသောအချက်ကို ထည့်သွင်းထားကြောင်း ထိုင်းအခြေစိုက် Matichon Online သတင်းဌာနက ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တက်ခ်ခရိုင် Ban Huai Muang ဒေသမှ သောင်ရင်းမြစ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ မြဝတီမြို့ ရွှေကုက္ကိုလ်ရှိ တရုတ်စီးပွားရေးသမားများက လုပ်ငန်းများလုပ်ကိုင်နေသော နေရာနှစ်ခုကို လျှပ်စစ်မီးပေးခြင်းနှင့်ပတ်သက်ပြီး သက်တမ်းထပ်တိုးမည်မဟုတ်သည့်အကြောင်းကို မေလ ၅ ရက်နေ့တွင် မြန်မာအာဏာပိုင်များက အကြောင်းကြားခဲ့ကြောင်း PEA အဖွဲ့က ဆိုသည်။

မြဝတီမြို့ရှိ ရွှေကုက္ကိုလ်အထူးစီးပွားရေးစီမံကိန်းသည် အရှေ့တောင်အာရှဒေသတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေသောနေရာဖြစ်ကာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အဖွဲ့ ထိန်းချုပ်ထားသော နေရာတွင် ရှိနေကြောင်းသိရသည်။ အဆိုပါ ရွှေကုက္ကိုလ်အထူးစီးပွားရေးစီမံကိန်းရှိ လုပ်ငန်းများထဲတွင် တရုတ်အစိုးရက ဖမ်းဆီးရန်အလိုရှိနေသော တရုတ်နိုင်ငံသားများ ရှိနေသည့်အပြင် ကာစီနိုများ၊ အွန်လိုင်း လောင်းကစားလုပ်ငန်းများ၊ လိမ်လည်မှုများကျူးလွန်နေသောလုပ်ငန်းများ အဓိကထားလုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။

ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) သည် ၁၉၉၉ ခုနှစ်နောက်ပိုင်းကတည်းက မြဝတီမြို့ကို လျှပ်စစ်ဓာတ်အားပေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လျှပ်စစ်မီးပေးဝေရေးနှင့်ပတ်သက်၍ စာချုပ်နှစ်ခုထပ်မံချုပ်ဆိုခဲ့ကြောင်းသိရသည်။ အဆိုပါ နားလည်မှုသဘောတူညီချက်ထဲတွင် ထိုင်းနိုင်ငံ တက်ခ်ခရိုင်ရှိ Ban Huay Muang Trading Point ကုမ္ပဏီက မြန်မာနိုင်ငံ မြဝတီမြို့ကို လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ပေးဝေရန်နှင့် ထိုင်းနိုင်ငံ Ban Tha Wang Pha Trading Point ကုမ္ပဏီက မြဝတီမြို့ရှိ ရွှေကုက္ကိုလ်ကို လျှပ်စစ်ဓာတ်အား ၂ မဂ္ဂါဝပ်ပေးဝေရန် အချက်များ ပါဝင်ကြောင်း သိရသည်။

ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်စီမံကိန်း၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် ရယူနေသော လျှပ်စစ်ဓာတ်အားကို ၈၀၀၀ kWအထိ တိုးမြင့်ရယူရန် တောင်းဆိုမှုများရှိလာခဲ့ကြောင်းသိရသည်။

Ref——-prachatai

Leave a Reply

Your email address will not be published. Required fields are marked *

Related News