၃၀. ၅. ၂၀၂၃
Written By Thandar

ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၈ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပဉ္စမအကြိမ်မြောက် ကျင်းပမယ့် MAN of the WORLD Pageant 2023 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမောင် Henry San က ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

“ကျွန်တော် အခုသွားပြိုင်မှာကတော့ Philippines မှာ ကျင်းပမယ့် Man of the world 2023 ဖြစ်ပါတယ်။ ဒီ Pageant ရဲ့ ရည်ရွယ်ချက်က ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာကို ထောက်ပံ့အားပေးတဲ့အတွက် ကျွန်တော်စိတ်ဝင်စားမိတာပါ။ ဒီပြိုင်ပွဲကို ၁ လအလိုမှာ သိရလို့ ကျွန်တော့်အနေနဲ့ အဓိကထား ပြင်ဆင်တာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ပါပဲ။ Training ကိုလည်း ၁ ရက်ကို ၂ ချိန်နဲ့ တော်တော်ကြိုးစားဆော့ရတယ်။ စာတွေလည်း ဖတ်ရတယ်။ တစ်ဖက်မှာလည်း အဖက်ဖက်က ကူညီပံ့ပိုးပေးနေတာကတော့ Ai Image Productionပဲ ဖြစ်ပါတယ်”လို့ အလှမောင် Henry San က MT News ကို ပြောပါတယ် ။

အဆိုပါပြိုင်ပွဲမှာ အာဆီယံဒေသတွင်းဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် စတဲ့ နိုင်ငံပေါင်း (၅၀) ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ Man of the World Pageant အနေနဲ့ Big Male Pageants တွေမှာ တစ်ခုအပါအဝင်ဖြစ်ပြီး Prime Event Productions Philippines Foundation (PEPPs) က၂၀၁၇ ခုနှစ်ကစတင်ကာ ကျင်းပခဲ့တဲ့ အမျိုးသားပြိုင်ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးကို Advocacy Project အဖြစ် စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်နေတာကြောင့် အရည်အချင်းပြည့်ဝတဲ့ အလှမောင်များကို နှစ်စဥ်မွေးထုတ်လျက်ရှိပါတယ်လို့ သိရပါတယ်။

“ဒီပြိုင်ပွဲက ကျွန်တော့်အတွက် ပထမဆုံးအတွေ့အကြုံမို့ တစ်ယောက်တည်းပဲ သွားဖြစ်မှာဆိုတော့ ဘာတွေကြုံရမလဲ ဆိုတာတော့ စိတ်လှုပ်ရှားမိတယ်။ နိုင်ငံပေါင်း ၅၀ နီးပါးပါဝင်မယ့်ပြိုင်ပွဲဆိုတော့ နိုင်ငံတိုင်းကလည်း အကောင်းဆုံး ပြင်ဆင်လာကြမှာဆိုတော့ အကောင်းဆုံးယှဉ်ပြိုင်မှုတော့ဖြစ်လာမှာပါ”လို့ သူက ဆက်ပြောပါတယ်။

၂၀၁၇ ခုနှစ်စတင်ပြီး မြန်မာကိုယ်စားပြု အလှမောင်များ ဝင်ရောက်ယှဥ်ပြိုင်လာခဲ့ရာ ရလဒ်ကောင်းတွေလည်း များစွာရရှိခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်က အောင်ကိုကို ( Unplaced )၊ ၂၀၁၈ ခုနှစ်က ကောင်းထက်ဝေ ( Top – 10 / Darlings of the Press award / Best in advocacy video – Gold Medal / Best in Talent – Silver Medal / Fashion of the World – Silver Medal ) နဲ့ ၂၀၁၉ ခုနှစ်က စိုးခေတ် ( Unplaced / Best in Advocacy video – Silver Medal ) ကိုရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ Man of the World Myanmar 2023 ဆုရှင် San Henry က ၄ ယောက်မြောက်အဖြစ် Man of the World 2023 ပြိုင်ပွဲကြီးကို သွားရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *