April 19, 2024

MT News

Written by Nyein Kyaw

ဒေါ်လာဈေး အနည်းငယ်ကျဆင်းသဖြင့် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ်သုံးသောင်းနီးပါး ပြန်လည်ကျဆင်းခဲ့သော်လည်း မေလ ၂၉ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၃,၀၅၈,၀၀၀ ဖြစ်ပေါ်လျက်ရှိခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ပြည်တွင်း၌ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂,၉၆၀ အထိမြင့်တက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၈၇,၀၀၀ အထိ မြင့်တက်ခဲ့သည်။

မေလ ၂၉ ရက်တွင် ငွေလဲလှယ်နှုန်း တစ်‌ဒေါ်လာ ၂,၉၃၅ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ကျပ် ၃,၀၅၈,၀၀၀ သို့ ပြန်လည်ကျဆင်းလာခဲ့ပြီး သုံးရက်အတွင်း ကျပ် ၂၉,၀၀၀ ကျဆင်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ‌ရွှေဈေးမြင့်တက်နေချိန် ပြည်တွင်း ရွှေဈေးကွက်တွင် ကျပ်သိန်း ၇၅,၀၀၀ ကျော်တန်ဖိုးရှိ ရွှေလိမ်လည်မှု ဖြစ်ပွားခဲ့ခြင်းများကြောင့် ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်တည်ငြိမ်စေရေးအတွက် မန္တလေးရွှေဈေးကွက်ကို မေလ ၃၁ ရက်အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ပြည်တွင်းရွှေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် မေလ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၀၆၉,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၁၅ ကျပ်၊ မေလ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၃,၀၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၆၀၊ မေလ ၂၇ ရက်တွင် ရွှေဈေးနှုန်း ၃,၀၆၆,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၅၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News