၃၀. ၅. ၂၀၂၃
Written by Min Mahar

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံအား ယနေ့မနက်ပိုင်းက အမည်မသိလူငယ်နှစ်ဦးက လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ထွက်ပြေးသွားပြီး ထိုဖောက်ခွဲမှုကြောင့် ကျပ်သိန်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၃၀ (ယနေ့)မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြား၊ ၆၆ လမ်းပေါ်ရှိ “နန်းရှေ့တိုက်တော်”လျှပ်စစ်ဓာတ်အားခွဲရုံကို မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားလူငယ် ၂ ဦး ရောက်လာပြီး ဆိုင်ကယ်ပေါ်မှ ကွန်ကျူးပိုက်အပြာရောင်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ပေါက်မှုကြောင့် ၎င်းလက်လုပ်မိုင်းသည် ဓာတ်အားခွဲရုံဝင်းအတွင်း ကျရောက်ကာပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် AG 2000O ဗို့အားရှိ ဘာဂျာတံခါးပေါက်ပြဲပျက်ဆီးသည့်အပြင် ထိခိုက်သည့်နေရာအချိုမှ ဆီများပန်းထွက်ခဲ့ပြီး ကျပ်သိန်း ၁၀၀ ခန့် ပျက်ဆီးဆုံးရှုံးသွားခဲ့ကြောင်း လျှပ်စစ်ဓာတ်အားခွဲရုံမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထိုပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းများပိတ်ဆို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကာ ယခုကဲ့သို့ ပျက်စီးအောင်ဖောက်ခွဲခဲ့သူနှစ်ဦးအား သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *