၃၀. ၅. ၂၀၂၃
Written By Thandar

ထူးခြားဆန်းပြားတဲ့ လူခြောက်အကြောင်းကို ရိုက်ကူးပုံဖော်သွားမယ့် “ရွှေလုလင်” (လူခြောက်) ရုပ်ရှင်ဇာတ်ကားကို သိန်းထောင်ချီအကုန်အကျခံရိုက်ကူးသွားမယ်လို့ ကန်တော့ပေးပွဲမှာ ဒါရိုက်တာဗန်းကြီးက ပြောပါတယ်။

ဒီနေ့ မေလ ၃၀ ရက် နံနက် ၉ နာရီက အဆိုပါဇာတ်ကားရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို M3 စားသောက်ဆိုင်မှာ ကျင်းပခဲ့ချိန်မှာ ဒါရိုက်တာဗန်းကြီးက “ဒီကားလေးက ပုံစံမျိုးစုံ ရသမျိုးစုံကို ပေးစွမ်းမယ့် ဇာတ်ကားတစ်ကားပါ။ ဒီကားရိုက်မယ်ဆိုတော့ လူခြောက်ပုံကို ရှာခဲ့ရတယ်။ လူခြောက်တွေက လူတွေနဲ့ ဆက်သွယ်တာက အိပ်မက်ပေးတယ်။ သူတို့အသိပေးချင်ရင် အနံ့တွေ ပေးတယ်။ မိဘကို တအားစောင့်ရှောက်တယ်။ မကောင်းမှုလုပ်တဲ့သူကို အားမပေးဘူး။ သီချင်းတွေကော၊ အကတွေကော ပါဝင်သွားမှာပါ။ ဒီကားထဲမှာဆိုရင် CG တွေ အများကြီးပါမယ်။ Story Book တွေလည်း ဆွဲပြီးသွားပြီ။ CG မှာလည်း မမြင်ဖူးတာတွေဖြစ်ပါလိမ့်မယ်။ လူခြောက်စပေါ်လာမယ့်ဟာကအစ ပရိသတ်မမြင်ဖူးတဲ့ပုံစံဖြစ်မှာပါ။ သူက မိဘကို စောင့်ရှောက်တယ်။ ချစ်သူကိုလည်း အရမ်းချစ်တတ်တယ်။ မုန်းတဲ့အချိန်မှာလည်း ဘယ်လိုသေရတယ်ဆိုတာကအစ အသေးစိတ်မြင်ရမှာပါ။ ကုန်ကျစရိတ်ကလည်း ပုံမှန်ဇာတ်ကားတွေထက်ပိုများတယ်။ ပန်းချီတွေပြင်ဆင်ရတယ်။ Story Book တွေဆွဲရတယ်။ Animation တွေလည်း အပ်ရမှာအများကြီးပါပဲ။ ဇာတ်ကားရိုက်ကူးတဲ့အချိန်မှာ ကုန်ကျစရိတ်တွေနဲ့ဆိုရင် သိန်းထောင်နဲ့ချီပြီး ကုန်ကျပြီး ရိုက်ကူးရမှာပါ”လို့ ပြောပါတယ်။

“ဝကိုးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက်ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို လွတ်လပ်အိမ်၊ ဇာတ်ညွန်း မောင်အောင် (ရူပဗေဒ) ရေးသားပြီး ဒါရိုက်တာ ဗန်းကြီးက သရုပ်ဆောင်တွေ ဖြစ်တဲ့ ဒိုနယ်လီယွန်၊ ဇွဲရဲအောင် ၊ လင်းမြတ်နေ ၊ ခေးဆက်သွင်၊ မိုးပွင့်ဖြူ ၊ ဟုမ်းသာစန်း စတဲ့အနုပညာရှင်တွေ ပါဝင်ရိုက်ကူး သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

ပရိသတ်မြင်တွေ့နေကျပုံစံမျိုးနဲ့ မတူညီဘဲ ကွဲပြားတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်ပုံစံမျိုး‌တွေ မြင်တွေ့ရမယ့် ရွှေလုလင် (လူခြောက်) ရုပ်ရှင်ဇာတ်ကားကို Animationတွေနဲ့ ခန့်မှန်းခြေ သိန်း ၂၀၀၀ ကျော် ကုန်ကျခံပြီး ရိုက်ကူးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *