April 25, 2024

၂၉. ၅. ၂၀၂၃
Written by Phyo Wei

ကမ္ဘာ့ရွှေစျေးတက်ရင် မြန်မာ့ရွှေစျေးတက်ပြီး ကမ္ဘာ့ရွှေစျေးကျရင် မြန်မာ့ရွှေစျေးပြန်မကျတဲ့ ဒီရက်သတ္တပတ်မှာ ပြည်တွင်းရွှေစျေးကွက်ဟာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းနား ကပ်သွားတဲ့အပြင် ရွှေ သိန်း ၇၅၀၀၀ ဖိုးလောက် လိမ်လည်မှုလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် မန္တလေးမှာဆိုရင်လည်း ရွှေစျေးဖွင့်တာ ယာယီပိတ်တဲ့အထိ ကမောက်ကမလည်းဖြစ်ခဲ့သေးတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ တရားမဝင်ကုန်သွယ်မှုတွေ ပိုအရေးယူမဲ့အခြေအနေအကြောင်း၊ မြန်မာ့ဆီက တရားဝင်ပို့ကုန်တွေကို အရင်တုန်းကလိုပဲ ပိတ်ဆို့ဖမ်းဆီးတဲ့ တရုတ်အကြောင်းနဲ့ ကျောက်ဖြူဆိပ်ကမ်းကို အမြန်လုပ်ဖို့ တရုတ်ရဲ့တောင်းဆိုမှုတွေအကြောင်း တင်ပြချင်ပါတယ်။

“တရားမဝင်ကုန်သွယ်မှု ပိုအရေးယူမဲ့အခြေအနေ”

တရားမဝင်ကုန်သွယ်မှု ထပ်ကာထပ်ကာကျုးလွန်နေသူတွေကို ကုမ္ပဏီပိတ်သိမ်းတာ၊ ယာဥ်သိမ်းဆည်းတာ စသလို အရေးယူတော့မှာဖြစ်ပြီး ဒီလို အရေးယူနေတဲ့ကြားက ရပ်တန့်မသွားဘဲ ဆက်လက်ကျုးလွန်မယ်ဆို အကောက်ခွန်ဥပဒေအရတင်မက ဆက်စပ်ဥပဒေတွေနဲ့ပါ ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သတိပေးလိုက်ပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေကို အရေးယူရာမှာ အရင်က အကောက်ခွန်ဥပဒေအရပဲ အရေးယူနေတာကြောင့် ပြင်းထန်တဲ့အရေးယူမှုမဟုတ်လို မှောင်ခိုကုန်သွယ်သူတွေက ထပ်ကာထပ်ကာကျုးလွန်နေတာပါ။ ဒီလို ရည်ရွယ်ချက်ရှိရှိ၊ လက်တစ်လုံးခြား တရားမဝင် ဆောင်ရွက်နေတဲ့ ကုန်ပစ္စည်းပိုင်ရှင်၊ ယာဉ်ပိုင်ရှင်တွေ ထပ်မံဖမ်းဆီးရမိမယ်ဆို ကုမ္ပဏီ ပိတ်သိမ်းမယ်။ ယာဉ်သိမ်းဆည်းမယ်ဆိုတာကို ခေါ်ယူသတိပေးတာ၊ ဝန်ခံကတိလက်မှတ်ရေးထိုးစေတာနဲ့ ဆက်လက်ထိန်းသိမ်းကြပ်မတ်မှာဖြစ်သလို တားဆီး အရေးယူတာတောင် ရပ်တန့်မသွားတဲ့ ဆက်လက်ကျူးလွန်သူတွေကို အကောက်ခွန် ဥပဒေအရသာမက ဆက်စပ် ဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန်အရေးတော့မှာပါ။

လက်ရှိ SAC လက်ထက်နှစ်နှစ်သက်တမ်းမှာ မှောင်ခိုတင်သွင်းမှုတွေ ဖမ်းတာဟာ USDP နဲ့ NLD ပါတီတို အာဏာရစဥ် ငါးနှစ်အတွင်းဖမ်းဆီးတာထက်ကို ပိုဖမ်းထားနိုင်ပေမဲ့လည်း တရုတ်နိုင်ငံက တရားဝင်တင်သွင်းတဲ့စာရင်းတွေနဲ့ ယှဥ်ထိုးကြည့်မယ်ဆိုရင်တော့ မှောင်ခိုကုန်တွေ ဖမ်းနိုင်တာဟာ အင်မတန်နည်းပါးတဲ့ပမာဏဖြစ်နေတာကို တွေ့ရမှာပါ။ လက်ရှိအခြေအနေမှာ ပြင်းပြင်းထန်ထန်အရေးယူတော့မယ်ဆိုတာကြောင့် မှောင်ခိုတင်သွင်းမှုတွေ လျော့ကျလာမလား။ ပိုဖမ်းနိုင်မလားဆိုတာတော့ မကြာခင်လပိုင်းမှာ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ရမှာပါ။

“မြန်မာ့ဆီက တရားဝင်ပို့ကုန်တွေ ပိတ်ဆို့ဖမ်းတဲ့ တရုတ်”

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ဝမ်တိန်က ဂိုဒေါင်လေးလုံးနဲ့ ရွှေလီမှာရှိတဲ့ ဂိုဒေါင်နှစ်လုံးမှာ မြန်မာနိုင်ငံသား ၁၀၀ ရာခိုင်နှုန်းအပြည့်အဝပိုင်တဲ့ မတ်ပဲတို့ နှမ်းတို့ မြေပဲတို့ တန်ချိန်နှစ်သောင်းရှိတဲ့ အိတ်ရေ လေးသိန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကစပြီးတော့ တရုတ်ဘက်က သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

ဒီပစ္စည်းတွေကို မြန်မာပြည်ဘက်ကရော တရုတ်ပြည်ဘက်မှာပါ အပြည့်အဝ အခွန်ဆောင်ပြီး ပို့တာဖြစ်တဲ့အပြင် အခုလို လုပ်ငန်းစဉ်နဲ့ သွားတာဟာလည်း ဆယ်စုနှစ် နှစ်စု၊ သုံးစုလောက်ရှိပြီဖြစ်ပြီးတော့ အခုကျမှ ဒီပို့ကုန်တွေကို ယူနန်အတွင်းပဲခွင့်ပြုပြီး ကွမ်ကျိုးဘက် ပို့တဲ့အခါ နယ်ကျော်တယ်ဆိုပြီး အကြောင်းပြချက်နဲ့ သိမ်းယူလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ မတ်ပဲတစ်တန်ကို အမေရိကန် ဒေါ်လာ ၈၇၀ ဝန်းကျင် မြန်မာငွေနဲ့ဆို ၂၅ သိန်းဝန်းကျင် ရှိတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပြီး မြေပဲတစ်တန်ကို ဒေါ်လာ ၁၇၀၀ ကျော်၊ မြန်မာငွေနဲ့ဆို ၄၉ သိန်းကျော် နဲ့ နှမ်းတစ်တန်ကို ဒေါ်လာ ၁၄၂၀ ဝန်းကျင်၊ မြန်မာငွေနဲ့ ဆို ကျပ်သိန်း ၄၀ ကျော် ရှိနေတာကြောင့် တရုတ်ဘက်က အခုလိုသိမ်းဆည်းလိုက်မှုဟာ အနိမ့်ဆုံးမတ်ပဲစျေးနဲ့တွက်ရင်ကို ကျပ်ဘီလျံ ၅၀ နီးပါးရှိနေပါတယ်။ လက်ရှိအချိန်အထိတော့ တရုတ်က လက်တစ်လုံးခြားသိမ်းယူလိုက်တဲ့ မြန်မာ့ပို့ကုန်တွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြေရှင်းမှုမရှိသလို မြန်မာပို့ကုန်သမားတွေအနေနဲ့လည်း မြန်မာ့ပို့ကုန်တွေကို စိတ်မကြည်တိုင်းဖမ်းတတ်တဲ့ တရုတ်ရဲ့အလေ့အထ သတိပြုမိဖို့ လိုတဲ့အပြင် အစိုးရတာဝန်ရှိသူတွေအနေနဲ့လည်း ဒီလိုမျိုး တရုတ်ဘက်ကမကြာခဏဖမ်းတာတွေဖြစ်နေတဲ့အပေါ် အဖြေရှာပေးဖို့လိုအပ်မှာပါ။

“ကျောက်ဖြူဆိပ်ကမ်း အမြန်လုပ်ဖို့ တရုတ်တောင်းဆိုမှု”

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ချင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H. E. Mr. Chen Hai က ဥပ‌ဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးနဲ့ ပြည်ထောင်စုရှေ့နေချုပ်တို့ထံ လာရောက်တွေ့ဆုံစဥ်မှာ တောင်းဆိုခဲ့ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ (Belt & Road) စီမံကိန်းနဲ့ ဆက်စပ်နေသလို တည်ဆောက်မဲ့ငွေကြေးတွေကလည်း မြန်မာနိုင်ငံက ချေးယူရဖွယ်ရှိနေလို့ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်ထဲ မကျရောက်ဖို့ သတိပေးနေရတဲ့စီမံကိန်းဖြစ်တဲ့အပြင် NLD အစိုးရတာဝန်ယူစဥ်က ရေးထိုးခဲ့တဲ့ စီမံကိန်း ၃၃ ခုနဲ့လည်း ချိတ်ဆက်နေတာဖြစ်ပြီး ကျောက်ဖြူ-ကူမင်းရထားလမ်းလို စီမံကိန်းတွေနဲ့လည်း ဆင့်ကဲချိတ်ဆက်ဦးမှာပါ။

ဒါ့အပြင် လက်ရှိအချိန်မှာ နိုင်ငံရေးအကဲဆတ်မှုတွေလည်း ရှိနေလို့ သတိပြုရမဲ့ကာလဖြစ်တဲ့အပြင် တရုတ်ရဲ့ စီမံကိန်းတိုင်းကို အခု NUG နဲ့ PDF တွေက တိုက်ခိုက်ဖျက်ဆီးနေတဲ့ရန်စွယ်လည်း ရှိနေပါသေးတယ်။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဦးတော့ စီမံကိန်းမှာမမျှမတဖြစ်မှုတွေပါနေမယ်ဆိုရင်လည်း မကြာခင်သွားရောက်မဲ့ လွှတ်တော်အစိုးရလမ်းခရီးမှာ ပြန်လည်ဆန်းစစ်ဖို့ ရပ်တန့်ခံရတာမျိုးလည်း ကြုံနိုင်သေးတာမို့လို့ မဖြစ်မနေအမြန်လုပ်ချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံရော တရုတ်နိုင်ငံပါ အကျိုးရှိမဲ့လုပ်ဆောင်မှုမျိုးကပဲ စီမံကိန်းရှေ့ဆက်တိုးဖို့ လမ်းစများမှာပါ တင်ပြရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *