March 28, 2024

၂၉. ၅. ၂၀၂၃
Written by Phyo Wei

နေအိမ်တွေ၊ ကျောင်းတွေ သုံးသိန်းကျော်ပျက်စီးပြီး မိုခါရဲ့ အငြိုးကြီးကြီးနှိပ်စက်မှုတွေကို ရင်စည်းခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အစားထိုးမရနိုင်တဲ့ သံဃာ့ရာဇာတစ်ပါးကိုပါ ဆုံးရှုံးခဲ့ရတာကြောင့် ဒီအတောအတွင်းကာလတွေဟာ နစ်နာမှုကြီးမားတယ် ပြောရမှာပါ။ တစ်ဖက်မှာလည်း ၂၀၂၃ ဟာ အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်လို့ ပြောထားပေမဲ့လည်း အခုလို ငါးလလွန်တဲ့ကာလအထိ ဘာမှဖြစ်ပြမလာနိုင်ဘဲ လက်နက်မဲ့ပြည်သူတွေပဲ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခံရမှု ပိုများလာတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ အလင်းဝင်လာတဲ့ PDF တွေအကြောင်း၊ CDM ဝင်ဖို့ မက်လုံးပေးဆွဲဆောင်ပြီးမှ သူလျှိုဆိုပြီး ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ CDM လခရတချို့အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပပေးပြီး တက်လာတဲ့ရွေးကောက်ခံအစိုးရကို အာဏာပြန်လည်အပ်နှင်းမယ်လို့ SAC ဥက္ကဋ္ဌက အာမခံချက် ထပ်ပေးလိုက်တဲ့အကြောင်းတို့ကို သုံးသပ်ချင်ပါတယ်။

အလင်းဝင်တဲ့ PDF

ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်းမှာ PDF တွေ အလင်းဝင်တာဟာ လူ ၁၀၀၀ ကျော်ပဲရှိပေမဲ့ သေနတ်တွေ၊ ဗုံးတွေနဲ့ အလင်းဝင်လာရင် ဆုငွေချီးမြှင့်မယ်လို့ SAC က သတင်းထုတ်ပြန်ခဲ့တဲ့နောက်မှာ PDF များစွာ လက်နက်ကိုင်အလင်းဝင်လာခဲ့သလို ပခုက္ကူမှာတော့ ထူးထူးခြားခြားပဲ Defense Team Pakokku နဲ့ Earthquake Defense Force အဖွဲ့တွေဟာ ခေါင်းဆောင်တွေရော ငယ်သားတွေပါ အလင်းဝင်လာတာပါ။

ဧရာအနောက်မြို့တော် ပခုက္ကူဟာ ချင်းပြည်နယ်ဝင်ပေါက်ဖြစ်တဲ့အပြင် မကွေးတိုင်းရဲ့ ပခုက္ကူနဲ့ ဂန့်ဂေါခရိုင်နှစ်ခုကိုလည်း ထိန်းချုပ်ထားနိုင်ပြီး စစ်ကိုင်းတိုင်းဝင်ပေါက်ဖြစ်တဲ့ မုံရွာတစ်ကြောရဲ့ ဝင်ပေါက်နဲ့လည်း ထိစပ်ပါသေးတယ်။ ဒါ့အပြင် မန္တလေးတိုင်းရဲ့ မြင်းခြံ၊ တောင်သာ၊ ပုဂံ၊ ညောင်ဦးကိုလည်း လွယ်လင့်တကူကြီးစိုးနိုင်တဲ့ နယ်မြေအချက်အခြာကျနေတာကြောင့် NUG ရဲ့ PDF တွေတင်သာမက KIA နဲ့ KNU ထိန်းချုပ်တဲ့ PDF တွေပါ ပခုက္ကူမှာ အဖွဲ့လိုက်လှုပ်ရှားတဲ့အပြင် ဒေသန္တရ PDF တွေကလည်း လာပြီး လှုပ်ရှားတတ်တဲ့နယ်မြေပါ။ စစ်ရေးအရ အရေးပါတာကြောင့်၊ ပခုက္ကူမှာဆိုရင် ရေစကြို၊ မြိုင်၊ မြင်းခြံ၊ ပေါက် ထိစပ်နယ်မြေက PDF တွေကလည်း ပူးပေါင်းလှုပ်ရှားတတ်ကြတာပါ။ ဒီလို နယ်မြေမျိုးမှာ PDF နှစ်ဖွဲ့က ငယ်သားရော၊ ခေါင်းဆောင်ပါ SAC ဆီကို အလင်းဝင်တာဟာ NUG နဲ့ EAOs တွေ LDF တွေအတွက် ကျရှုံးမှုဖြစ်သလို လက်ရှိမှာကို စခန်းတွေရွှေ့ကြ၊ စစ်ကြောင်းထိုးခံရဖြစ်နေတာတွေကလည်း တိုက်ဆိုင်မှုမဖြစ်နိုင်တာ သေချာပါတယ်။

ဇာတ်တူသား အစားခံနေရတဲ့ CDM လခရ

“ဘာအလုပ်မှမလုပ်ဘဲ ထိုင်နေပါ။ ကျွေးထားပါ့မယ်”လို့ NLD, NUG ထောက်ခံသူတွေရဲ့ စကားကို ယုံစားမိတဲ့ ဝန်ထမ်းသုံးသိန်းကျော်ဟာ အခုအချိန်မှာ ဘဝပျက်နေပြီလို့ ပြောရမှာပါ။ နိုင်ငံနဲ့အစိုးရ ခွဲခြားတတ်တဲ့ အသိဥာဏ်မရှိတာ၊ ကိုယ့်ဘာသာတောင်အလှုခံပြီး စာရင်းမရှင်းနိုင်သူတွေက ကျွေးထားမယ်ပြောတာကို ယုံစားမိတဲ့နောက်မှာ ဘဝပျက်နေကြတာမဆန်းသလို တစ်ဖက်မှာလည်း စစ်၊ ရဲ စတဲ့ လခရ CDM ကလည်း NUG အပြောအရ ၁၀၀၀၀ ကျော်လောက် ရှိနေတာပါ။ ဒါပေမဲ့ ဒီ ၁၀၀၀၀ ကျော်ထဲမှာ လွတ်လပ်စွာသွားလာနိုင်တာက လူ ရာဂဏန်းပဲရှိတဲ့အပြင် နိုင်ငံကြီးတွေဆီရောက်သူကလည်း ဆယ်ဦးအောက်ပဲရှိပြီး လခရ CDM တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ NUG နဲ့ EAOs တွေရဲ့ ဖမ်းဆီး၊ ထိန်းချုပ်မှုအောက် နေနေရတာပါ။ ဒါ့ထက်ပိုဆိုးတာက ပြည်ပမှာနေပြီး ပြည်တွင်းက PDF လေးတွေကို မဝရေစာ ငွေပို့နိုင်တာနဲ့ ပြည်သူ့စစ်မဟာဗျုဟာအကြံပေးဗျုရို(PMSAB)ဆိုပြီး စစ်ကော်မရှင်ထောင်။ ငွေပေးပြီးထောက်ပံ့ထားတဲ့ လက်နက်ကိုင်တွေကို ခိုင်းစားပြီး လခရ CDM တွေကို သူလျှိုဆိုပြီး ဖမ်းဆီးနှိပ်စက်မှုတွေ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပြည်ပကနေ အလှုခံပြီး လက်အောက်ခံ CDMer လခရတွေအပေါ်က PMSAB ဆိုပြီး ထိန်းချုပ်ထားတဲ့ ဦးမောင်မောင်ဝမ်းတို့ အုပ်စုဟာ Warrior Of Liberation Force က CDM ဗိုလ်ဆိုင်ဂုံနဲ့ အပါအဝင်ခုနစ်ယောက်ကို သူလျှိုစွပ်စွဲ KIA ရဲ့ G1 နဲ့ ပေါင်းပြီး ဖမ်းဆီးလိုက်ပါတယ်။ NUG နဲ့ အပြိုင် စစ်ဘုရင်ဖြစ်ချင်နေတဲ့ PMSAB ဟာ ပြည်သူကလှုတဲ့ငွေတွေနဲ့ အစိုးရအိပ်မက်မက်နေပုံရပြီး ဘက်ပြောင်းလာတဲ့ ဗိုလ်ဆိုင်ဂုံအပါအဝင် ခုနစ်ယောက်ကို ညှင်းပန်းနှိပ်စက်ပြီး သူတို့ဖြစ်ချင်တာပြောခိုင်းနေတဲ့အပြင် သူတို့ဖမ်းထားတဲ့သူတွေကို NUG နဲ့ KIA ဆီမှာ စစ်ဖို့ ဝိုင်းပြီးတောင်းဆိုတာလည်း လက်မခံပြန်ပါဘူး။ NUG အဖို့လည်း သူတို့လို ပြည်ပမှာနေ၊ ပြည်ပကနေ အလှုခံပြီး ပြည်တွင်းက မသိနားမလည်တဲ့ ကလေးတွေကို အစိုးရတွေ၊ ဝန်ကြီးဌာနတွေဖွဲ့ပြီးခိုင်းနေသမျှ သူတို့နဲ့ထပ်တူ ခြေရာလိုက်နင်းပြနေတဲ့ PMSAB ကို ဘယ်လိုကိုင်တွယ်ရမလဲဖြစ်နေပုံပါ။ တစ်ဖက်မှာလည်း PMSAB ဟာ KIA ကို အပိုင်ပေါင်းပြီး NUG ကို စင်ပြိုင်နေတာမို့လို့ မကြာခင်မှာ လေလှိုင်းအစိုးရတစ်ခုထပ်ပေါ်လာဦးမလား။ လခရတွေကို CDM ဝင်ပါလို့ ဆွဲဆောင်ခဲ့သူတွေ ကြောက်နေကြသလို ဒုတိယပါဂျောင်ဖြစ်ရပ်မျိုးတွေ ဘယ်လိုတောင်ဆိုးဆိုးရွားရွားပေါ်လာဦးမလဲဆိုတာတော့ ထိုင်ကြည့်ရမှာပါ။

ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲပြောင်းပေးဖို့ အာမခံတဲ့ SAC ဥက္ကဋ္ဌ

SAC အစိုးရအနေနဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး ရွေးကောက်ခံအစိုးရထံ နိုင်ငံ့တာဝန်တွေ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ဖို့ မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ အာမခံကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၂ ရက်မှာ ပဲခူးတိုင်းဒေသကြီးအတွင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်တွေနဲ့ ပဲခူးမြို့၊ မြို့တော်ခန်းမမှာ တွေ့ဆုံချိန် ပြောကြားလိုက်ပါတယ်။ ဒီလို ရွေးကောက်ပွဲလုပ်ပေးနိုင်ဖို့ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဦးစွာ ဆောင်ရွက်နေတာဖြစ်ပြီး တိုင်းပြည်အတွက် ကောင်းမွန်တဲ့စိတ်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်သူ့မဆို လက်တွဲဆောင်ရွက်သွားမဲ့အပြင် နိုင်ငံတော်ကို ကောင်းမွန်အောင် ဆောင်ရွက်လိုတဲ့စိတ်နဲ့ လုပ်ဆောင်နေတာဖြစ်လို့ အောင်မြင်မှုရမယ်လို့ ယုံကြည်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်မှာ အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI) က ထုတ်ပြန်လိုက်တဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဆိုင်ရာ ထောက်လှမ်းရေးအကဲဖြတ်ချက် နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြချက်မှာဆိုရင် SAC နဲ့ NUG ကြား တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး၊ တစ်ဖက်ဖက်က စစ်ရေးအရ အပြတ်အသတ် အနိုင်ရမယ့်အခြေအနေ မရှိသေးဘူးလို့ အစီရင်ခံခဲ့ပါတယ်။ တကယ်ဆိုရင် အမေရိကန်ဟာ ဒီစစ်ပွဲတွေ အဓွန့်ရှည် မြန်မာပြည် ကြေသထက်ကြေအောင် NUG ကို ငွေပေး၊ သင်တန်းပေးပြီး အိမ်ကြက်ခြင်း အိုးမည်းသုတ်ခွပ်ခိုင်းနေတဲ့ လူလည်အရင်းရှင်ပါ။ သူ့လို နိုင်ငံမျိုးကတောင် ဒီလို အစီရင်ခံစာထုတ်တာဟာ လက်ရှိမှာ နှစ်ဖက်တိုက်ပွဲကြား လင်သေ သားဆုံး မိသားစုဘ၀ပျက်သုဉ်းပြီး အိမ်တွေလည်း ပြောင်၊ ရွာလည်းမီးလောင်နေရတဲ့ ဘ၀မှာ ပြေးစရာမြေမရှိဖြစ်နေသူတွေက လက်နက်ကိုင်တိုက်ပွဲတွေ ဆက်အားပေးမလား။ နိုင်ငံနဲ့ ပြည်သူအတွက် အငြင်သာဆုံးထွက်ပေါက် ရွေးကောက်ပွဲဆီ သွားမလား စဉ်းစားချိန်တန်ပြီ ပြောရတော့မှာပါ။

လက်နက်စွဲကိုင် သတ်ဖြတ်နေလို့ ရွေးကောက်ပွဲလုပ်မရ၊ ရွေးကောက်ပွဲလုပ်မရလို့ နှစ်ဖက်တိုက်ပွဲကြားမှာ နိုင်ငံနဲ့ ပြည်သူပဲ အထိနာဆိုတာကို တွေးဆတတ်ချိန်တန်ပြီဖြစ်သလို ဒီမိုကရေစီဟာ လက်နက်စွဲကိုင်တော်လှန်တဲ့ Revolution နဲ့မှ ရနိုင်တာမဟုတ်ဘဲ အင်ဒိုနီးရှားလိုမျိုး Evolution နဲ့လည်း ယူလို့ရတယ်ဆိုတာ ဆင်ခြင်တွေးကြပါလို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *