ဖျူထိုင်းပါတီထောက်ခံသူများက ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းရေးတွင် MFP ပါတီခေါင်းဆောင်သော ရှစ်ပါတီမဟာမိတ်အုပ်စုမှ နှုတ်ထွက်ရန် ဖျူထိုင်းပါတီအား တောင်းဆိုမှုများကို ဖျူထိုင်းပါတီဌာနချုပ်ရှေ့၌ မေလ ၂၈ ရက်က ပြုလုပ်နေကြစဉ်။

◾️ ရွေးကောက်ပွဲနိုင် MFP ပါတီခေါင်းဆောင် ပီတာရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့ရာတွင် အရည်အချင်း ပြည့်မီခဲ့ခြင်း ရှိ မရှိ ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးမည်

၂၉. ၅. ၂၀၂၃
Translated by Htwe Ko Tun

မေလ ၁၄ ရက်က ကျင်းပခဲ့သော ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် မဲအများဆုံးရခဲ့သည့် Move Forward Party (MFP) နှင့် အတူလက်တွဲ၍ ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ရန် သဘောတူခဲ့သည့် ဖျူထိုင်းပါတီအား ထောက်ခံသူအချို့က MFP နှင့် သဘောတူထားသည့် ရှစ်ပါတီအုပ်စုမှ ပြန်လည်နှုတ်ထွက်ရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။

၎င်းမှာ ညွန့်ပေါင်းအစိုးရဖွဲ့သည့်အခါ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာနှင့်ပတ်သက်၍ ပါတီနှစ်ခုအကြားသဘောထားကွဲမှုအပေါ် အခြေခံသည်ဟုလည်း သုံးသပ်ရသည်။

သို့သော် အဆိုပါ ဖျူထိုင်းပါတီထောက်ခံသူများအုပ်စုက MFP ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်နတ်အား နောက်ဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ရန်နှင့် MFP ပါတီအား ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးတွင် ခေါင်းဆောင်ရန် မဲပေးသွားမည်ဟု ဖျူထိုင်းပါတီ၏ ကတိပေးချက်ကို ဆက်လက် ထောက်ခံသွားမည်ဟု ထိုအုပ်စုခေါင်းဆောင် နီရွမ် နော့ပါရတ်က ပြောကြားခဲ့သည်။ ထိုအုပ်စုက ပြည်သူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ရေးဆွဲရန် MFP ၏ အားထုတ်မှုကိုလည်း ဖျူထိုင်းပါတီအနေဖြင့် ထောက်ခံသွားရန် တောင်းဆိုခဲ့သည်။

ဖျူထိုင်းပါတီထောက်ခံသူများ အုပ်စုမှ အဖွဲ့ဝင်များက ဘန်ကောက်မြို့ရှိ ဖျူထိုင်းပါတီဌာနချုပ်ရှေ့တွင် မေလ ၂၈ ရက်က စုဝေးကြကာ ၎င်းတို့၏ တောင်းဆိုချက်များပါဝင်သော အိတ်ဖွင့်စာတစ်စောင်ကို ပါတီသို့ တင်သွင်းခဲ့ကြသည်။

အကယ်၍ MFP ပါတီအနေဖြင့် ၎င်းကခေါင်းဆောင်၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြိုးစားမှု မအောင်မြင်ခဲ့ပါက ရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံးရခဲ့သည့် ဖျူထိုင်းပါတီအနေဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ၎င်းကဦးဆောင်၍ဖွဲ့စည်းရန်ကြိုးပမ်းခွင့်ရရှိမည်ဖြစ်ကြောင်း မစ္စတာ နီရွမ်က ပြောခဲ့သည်။ ၎င်းက ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းရေးတွင် MFP ပါတီ၏ ကြိုးစားမှုအောင်မြင်စေရန်လိုလားကြောင်း၊ ဖျူထိုင်းပါတီနှင့် ရှစ်ပါတီအုပ်စုအတွင်းမှ အခြားသောပါတီများအနေဖြင့်လည်း MFP ပါတီအား ထောက်ခံသွားကြခြင်းဖြင့် မစ္စတာပီတာက ဝန်ကြီးချုပ်သစ်ဖြစ်လာမည်ဖြစ်ကြောင်း ဆက်လက်ပြောခဲ့သည်။

မစ္စတာ နီရွမ်က ဖျူထိုင်းပါတီထောက်ခံသူများအုပ်စု၏ ရည်ရွယ်ချက်က နိုင်ငံရေးကစားကွက်တစ်ရပ် ပြုလုပ်ရန်မဟုတ်ဘဲ ဖျုထိုင်းနှင့် MFP ပါတီတို့အကြား ပဋိပက္ခပိုမိုကြီးထွားလာအောင် ဆောင်ရွက်မှုလည်းမဟုတ်ကြောင်း၊ သို့သော် MFP ပါတီအနေဖြင့် ဖျူထိုင်းပါတီမပါရှိဘဲ ညွန့်ပေါင်းအစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန် အလွန်ခက်ခဲသည်ကို သဘောပေါက်စေရန်ရည်ရွယ်ကြောင်းလည်း ပြောခဲ့သည်။

ထိုအတောအတွင်း MFP ပါတီအနေဖြင့် အကယ်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်း လိုအပ်သော ထောက်ခံအမတ်များ အရေအတွက်ကိုမရရှိခဲ့ပါက ဖျူထိုင်းပါတီ၊ Bhumjaithai ပါတီ၊ Palang Pracharath ပါတီ၊ ဒီမိုကရက်ပါတီနှင့် Charthaipattana ပါတီတို့က “come home” ဟုခေါ် သည့် လျှို့ဝှက်သဘောတူညီချက်တစ်ရပ်အောက်တွင် ညွန့်ပေါင်းအစိုးရသစ်တစ်ရပ် ဖွဲ့ကြလိမ့်မည်ဟု စင်ကာပူတွင် စောင့်ဆိုင်းနေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ပြောကြားချက်ကိုရည်ညွှန်းကာ ချူဗစ် ကာမိုလ်ဗီဆစ်ဆိုသူက ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။

ထိုအချိန်မှာပင် MFP ပါတီခေါင်းဆောင် မစ္စတာပီတာအနေဖြင့် မီဒီယာကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများပိုင်ဆိုင်ထားမှုကြောင့် ၎င်းမှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီခဲ့ခြင်း ရှိ မရှိ ရွေးကောက်ပွဲကော်မရှင်က မေလ ၂၉ ရက်တွင် စုံစမ်းစစ်ဆေးမှုစတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref—Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *