၂၇. ၅. ၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်း၌ မိကျောင်းမွေးမြူသူတစ်ဦးမှာ မိကျောင်းများကို မွေးမြူထားသောကန်အတွင်း မေလ ၂၆ ရက်က ပြုတ်ကျခဲ့ရာမှ ကန်အတွင်းရှိ မိကျောင်းကောင်ရေ ၄၀ ခန့်က ၎င်း၏ခန္ဓာကိုယ်အား တစ်စစီကိုက်ဖြတ်၍ သေဆုံးရမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

အသက် ၇၂ နှစ်အရွယ် မိကျောင်းမွေးမြူသူ လွန်နမ်က ဥအုနေသော မိကျောင်းတစ်ကောင်ကို လှောင်အိမ်အတွင်းမှ ပြန်ထုတ်ရန် တုတ်တစ်ချောင်းနှင့်ကြိုးစားစဉ် မိကျောင်းက တုတ်ကိုပါးစပ်နှင့်ကိုက်၍ လှမ်းဆွဲကာ လွန်နမ် ကိုပါ မိကျောင်းကန်အတွင်းဆွဲချခဲ့သည်ဟု သိရသည်။

“ ဒီ့ပြင်မိကျောင်းတွေကလည်း ခုန်အုပ်ပြီး သူ့ကိုတိုက်ခိုက်ကြတော့ သူလည်း ဘယ်လိုမှပြန်မလွတ်နိုင်တော့ဘဲ သေဆုံးရတာပဲ” ဟု ရဲမှူးကြီး မီဆာဗရီက ပြောခဲ့သည်။

ထိုအဖြစ်အပျက်က ဆီယန်ရိမြို့အနီးရှိ မိကျောင်းမွေးမြူရေးကန်တစ်ခုတွင် ဖြစ်ပွားခဲ့ရခြင်းလည်းဖြစ်သည်။ လွန်နမ်၏ ခန္ဓာကိုယ်အား တစ်ကိုယ်လုံးတွင် မိကျောင်းကိုက်ရာများဖြင့် ပြန်လည်ရရှိခဲ့ပြီး လက်တစ်ဖက်မှာမူ မတွေ့ရှိရတော့ကြောင်းလည်း မီဆာဗရီကပြောခဲ့သည်။

လွန်နမ်က ဒေသမိကျောင်းမွေးမြူသူများအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်းကလည်း နှစ်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးမှာ ဒေသအတွင်း အန်ကောဝပ်ကျောင်းတော်အနီးရှိ အလားတူ မိကျောင်းမွေးမြူရေးကန်တစ်ခု၌ပင် မိကျောင်းများကိုက်ဖြတ်စားသောက်၍ သေဆုံးခဲ့ရသေးသည်။

မိကျောင်းများကို ၎င်းတို့၏ ဥ၊ အရေခွံနှင့် အသားတို့အတွက် ကမ္ဘောဒီယားတွင် မွေးမြူကြကြောင်း သိရသည်။

Ref—– bbc

Leave a Reply

Your email address will not be published. Required fields are marked *