၂၇. ၅. ၂၀၂၃
Written by Pan Ei

သာမာန်အခြေအနေမျိုးမှာ သူငယ်ချင်းတွေနဲ့ ဖျော်ဖြေပွဲကြည့်တာဟာ ပြဿနာတစ်စုံတစ်ရာမဖြစ်နိုင်ပေမဲ့ တရုတ်မင်းသမီး Angelababy ကတော့ အရင်အပတ်က မက္ကာအိုမှာ ကျင်းပခဲ့တဲ့ နာမည်ကြီး တောင်ကိုရီးယား အမျိုးသမီး အဆိုရှင်အဖွဲ့ Blackpink ရှိုးပွဲကို သွားကြည့်ခဲ့တာကြောင့် တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

ပရိသတ် ထောင်ပေါင်းများစွာ လာရောက်ခဲ့တဲ့ အဆိုပါ Blackpink ရှိုးပွဲကို Angelababyဟာ သူငယ်ချင်းမိတ်တွေတွေနဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ပွဲထဲက သူမရဲ့ပုံတွေ အွန်လိုင်းပေါ် ပျံ့လာခဲ့ချိန်မှာ ဝေဖန်ခံနေရတာဖြစ်သလို အခုနှစ် ဇန်နဝါရီလတုန်းကလည်း ဟောင်ကောင်မှာ ကျင်းပတဲ့ Blackpink ဖျော်ဖြေပွဲကို သွားခဲ့ဖူးတာကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရဖူးပါသေးတယ်။

တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံ​ရဲ့ နိုင်ငံရေးတင်းမာမှုတွေကြောင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက တရုတ်နိုင်ငံမှာ ကိုရီးယားအနုပညာရှင်တွေနဲ့ ရှိုးပွဲတွေကို ကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။

တရုတ်အင်တာနက်အသုံးပြုသူတွေကတော့ တရုတ်နဲ့ တောင်ကိုရီးယားကြား နိုင်ငံရေးအခြေအနေတွေကို ဖော်ပြကာ “တရုတ်မင်းသမီးတစ်ယောက်အနေနဲ့ တောင်ကိုရီးယားမိန်းကလေးအဖွဲ့ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်သင့်ရဲ့လား” ဆိုတဲ့ မေးခွန်းထုတ်ကာ သူမကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး Angelababy ကို “သစ္စာဖောက်” လို့တောင် ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဒါ့အပြင် Blackpink ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့တဲ့ တရုတ်အနုပညာရှင်တွေရဲ့ စာရင်းဟာ တရုတ်လူမှုမီဒီယာ Weibo မှာ ပျံ့နှံ့ခဲ့ပြီး သူတို့ကို သပိတ်မှောက်မယ်လို့လည်း အွန်လိုင်းအသုံးပြုသူတွေက ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဝေဖန်မှုတွေ ရှိနေပေမဲ့လည်း တရုတ်နိုင်ငံမှာ Blackpink ပရိသတ်တွေအများအပြား ရှိနေပြီး Blackpink ရဲ့ ဖျော်ဖြေပွဲ လက်မှတ်တွေဟာ ချက်ချင်း ရောင်းထွက်ခဲ့သလို အွန်လိုင်းလက်မှတ် စျေးနှုန်းတွေဟာလည်း ဒေသတွင်း ဝယ်လိုအားမြင့်တက်မှုကြောင့် မူရင်းစျေးနှုန်းထက် ရှစ်ဆအထိ မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။

Ref; Kbizoom

Leave a Reply

Your email address will not be published. Required fields are marked *

Related News