April 26, 2024

၂၇. ၅. ၂၀၂၃
Written by Nay Moe

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနကို နိုင်ငံတော်အဆင့် ကျင်းပမည်ဖြစ်ပြီး ကြွင်းကျန်ရစ်သည့် ဥတုဇရုပ်ကလပ်တော်ကို ဇွန်လ ၆ ရက်တွင် ချမ်းမြသာစည်လေဆိပ်သို့ ပင့်ဆောင်မီးပူဇော်မည်ဖြစ်ကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ စျာပနအခမ်းအနားကို ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ဇွန်လ ၄ ရက် ညနေ ၆ နာရီအချိန်တွင် တိပိဋက ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရနှင့် ဇွန်လ ၅ ရက်နေ့တွင် မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ တို့မှ နိဗ္ဗာန်ရောက်ကြောင်းတရား ဟောကြား ချီးမြှင့်မည် ဖြစ်သည်။

ထို့နောက် ဇွန်လ ၆ ရက်နေ့တွင် ဗန်းမော်ကျောင်းတိုက် ကမ္ဘောဇသာသနာ့ဗိမာန်၌ အန္တိမအဂ္ဂိ စျာပနအခမ်းအနားကို နေ့လည် ၂ နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ပြီး နေ့လည် ၃ နာရီတွင် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းသို့ ပင့်ဆောင်မီးပူဇော်မည်ဖြစ်ပြီး ကြွင်းရစ်သောအရိုးပြာတော်အား ဧရာဝတီမြစ်အတွင်းသို့ မြောစေမည်ဖြစ်သည်။

အဆိုပါ ဗန်းမော်ဆရာတော်ဘုရားကြီး အလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက် တို့မှ ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၀၄ ခုနှစ်၊ ဝါဆိုလဆန်း(၈)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြိုနယ်၊ ဆင်မင်းကျေးရွာ၊ ဆင်မင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စ ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ်၊ တပိုတွဲလဆန်း(၁၀)ရက်၊ တနင်္လာနေ့တွင် တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၊ ရဘဲကျောင်းတိုက် ဗဒ္ဓသိမ်၌ ကံမြဲ ကံဦး ကျောင်းဆရာတော် ဘဒ္ဒန္တ သောဘိတ(ဦးပွား)ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး ၁၃၁၅ ခုနှစ်တွင် “ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ ဝဋံသကာ၊ BA (မန်းတက္ကသိုလ်)၊ သာသနဓဇသိရီ ပဝရဓမ္မာစရိယဘွဲ” ၁၃၁၈ ခုနှစ်တွင် “ပါဠိသိရောမဏိ” ဘွဲ၊ ၁၃၇၈ ခုနှစ်တွင် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ ဆက်ကပ်သော ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt) ဘွဲ့၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဆက်ကပ်သော Doctor of Letters (D.Litt) ဘွဲ့၊ ၂၀၁၆ ခုနှစ်တွင် ကိုးရီးယားနိုင်ငံ၊ Sehan University မှ ဆက်ကပ်သော ဘာသာရေးအတွေးအခေါ် ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D) ပါရဂူဘွဲ့ တို့ကို ရရှိတော်မူခဲ့သည်။

ဆရာတော်သည် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့စသော သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင်(၆၆)ပါးအဖွဲ့၌ ပါဝင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း လှည့်လည်ဟောပြောပြီး သာသနာပြုတာဝန်များကို ထမ်းဆောင်ခဲ့ခြင်း၊ ပထမအကြိမ်မှ ဆဋ္ဌမအကြိမ် ၂၀၁၀ ပြည့်နှစ်၊ မတ်လအထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိ အဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဇနဂုဏ်၊ ရတ္တညူ မဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီ ပေသလ သိက္ခာကာမဂုဏ် ပရဟိ တာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာ ရဋ္ဌ ဂုရု” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူလျက်ရှိစဉ် သက်တော်(၉၄) နှစ်၊ သိက္ခာတော်(၇၄)ဝါ အရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် သာသနာ့ဦးသျှောင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပြီး ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိ ဈာပန ပူဇာသဘင်အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *