၂၇. ၅. ၂၀၂၃
Written By Thandar

ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပရဟိတလုပ်ဆောင်ပေးမှုကြောင့် ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ သရုပ်ဆောင် ထူးခန့်ကျော်နဲ့ မိတ်ဆွေတွေက မိုခါမုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် အလှူငွေ ကျပ် ၅၅ သိန်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့ပါတယ်။

အဆိုပါ အလှူငွေပေးအပ်ပွဲကို မေလ ၂၇ ရက်‌ မနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပေးအပ်ရာ အစည်းအရုံးဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက လက်ခံရယူခဲ့ပါတယ်။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရခိုင်အထိ မိုခါမုန်တိုင်းခံစားရတဲ့ ပြည်သူတွေကို သွားရောက်အားပေးတာ တွေ့ခဲ့ရတယ်။ ကျွန်တော်လှူမယ်ဆိုတာမျိုး စိတ်ကူးထားပြီးသားပါ။ ၃၁ ဘုံကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော်တို့ မိသားစုက သိန်း ၃၀ လှူတယ်။ ဆေးလာကုလို့ သက်သာပျောက်ကင်းသွားတဲ့သူတွေရဲ့ မိသားစုတွေ ကျန်တဲ့အလှူရှင်တွေ လှူဒါန်းမှုနဲ့ပေါင်းပြီး ၅၅သိန်းဖြစ်သွားတယ်။ ဒါတွေက အားလုံးရဲ့ကိုယ်စား ကျွန်တော်က လှူပေးခြင်းဖြစ်ပါတယ်။ အခုလိုမျိုး တစ်ထောင့်တစ်နေရာက ပါရမီဖြည့်ခွင့်ရတာကို ဝမ်းသာတယ်”လို့ သရုပ်ဆောင် ထူးခန့်ကျော်က ပြောပါတယ်။

သူဟာ အနုပညာအလုပ်တွေကို လုပ်ဆောင်ရင်း တစ်ဖက်တစ်လမ်းက ဆေးကုသအလုပ်နဲ့ ကူညီပေးလျက်ရှိသလို အမှန်တကယ်လိုအပ်တဲ့ နွမ်းပါးပြည်သူတွေအတွက်လည်း ပရဟိတအလှူတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

သရုပ်ဆောင်ထူးခန့်ကျော်ဟာ လက်ရှိမှာ လေဖြန်း၊ လေဖြတ်ရောဂါ စတဲ့ ဝေဒနာခံစားနေရသူတွေအပါအ၀င် ခုနှစ်ရက်သားသမီး ဝေဒနာခံစားနေရသူတွေကို မိမိတတ်စွမ်းတဲ့ ဆေးပညာရပ်တွေနဲ့ ကုသပေးနေသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *