၂၇. ၅. ၂၀၂၃
Translated by Htwe Ko Tun

Asiana လေကြောင်းလိုင်းမှ A321 အဲယားဘတ်စ် ခရီးသည်တင်လေယာဉ်တစ်စီးသည် တောင်ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့သို့ ပျံသန်းလာစဉ် ဆင်းသက်ရန် မိနစ်ပိုင်းအလို၌ ခရီးသည်တစ်ဦးက ၎င်းမှာ သက်သောင့်သက်သာမရှိဘဲ အနေရခက်၍ဟုဆိုကာ လေယာဉ်၏အရေးပေါ်တံခါးကို ဆွဲဖွင့်မှုတစ်ရပ် မေလ ၂၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါခရီးသည်က အသက် ၃၀ ကျော်အရွယ်ရှိကာ ဒေဂူးမြို့၊ ဒုန်ဘူရဲစခန်း၌ ၎င်းအားစစ်ဆေးခဲ့ရာတွင် ၎င်းကလေယာဉ်အတွင်းသက်သောင့်သက်သာမရှိ အနေရခက်ကာ လေယာဉ်အပြင်ဘက်သို့ လျင်မြန်စွာ ထွက်လိုသဖြင့် ထိုသို့လေယာဉ်တံခါးကိုဖွင့်ခဲ့ခြင်းဟုပြောခဲ့သည်။ ထို့ပြင် ၎င်းက မကြာသေးမီကပင် ၎င်းမှာအလုပ်ဆုံးရှုံးမှုဖြစ်ခဲ့၍ စိတ်ဖိစီးမှုလည်း ဖြစ်နေကြောင်း ပြောခဲ့သေးသည်။

လေယာဉ်မြေပြင်သို့ ဆင်းသက်ခါနီး အမြင့်ပေ ၇၀၀ (၂၁၃ မီတာ) ခန့်သို့ အရောက် တစ်နာရီလျှင် ၁၇၂ မိုင် နှုန်းဖြင့်ပျံသန်းနေစဉ် အဆိုပါလူက လေယာဉ်၏တံခါးဆွဲဖွင့်ခဲ့ခြင်းဖြစ်ရာ ၎င်း၏လုပ်ဆောင်မှုကြောင့် လေယာဉ်တွင်းရှိခရီးသည်များမှာ ကြောက်လန့်တကြားဖြစ်ခဲ့ကြကြောင်း သိရသည်။ ခရီးသည်ကိုးဦးမှာမူ ထိုကဲ့သို့ လေယာဉ်မဆင်းသက်မီ တံခါးကိုဆွဲဖွင့်ခဲ့မှုကြောင့် အသက်ရှူမှုဆိုင်ရာပြဿနာများကို ခံစားခဲ့ရကြပြီး ဆေးရုံသို့ တင်ပို့ခဲ့ကြရသည်။ သို့သော် ၎င်းတို့အားလုံးအား နှစ်နာရီကြာ ဆေးရုံ၌ကုသမှုပြုခဲ့ပြီးနောက် ဆေးရုံမှဆင်းသွားကြပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းလျက်ရှိသောထိုလူအား စစ်ဆေးမှုများမှ ကောက်ချက်ချအပြီးတွင်မူ ဖမ်းဆီးသွားရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားလေကြောင်းလိုင်းတွင် ခရီးသည်များ လုံခြုံစိတ်ချရမှုရှိစေရေး တာဝန်ရှိသူအဖြစ် လုပ်ကိုင်ခဲ့သော ဂျင်ဆုန်ဟွန်က ထိုကဲ့သို့ဖြစ်ရပ်မျိုး တစ်ကြိမ်မျှ မဖြစ်ဖူးကြောင်း၊ လေယာဉ်ကမြေပြင်၌ ရပ်ထားစဉ်ကာလ၌သာ ခရီးသည်များအနေဖြင့် လေယာဉ်၏အရေးပေါ်ထွက်ပေါက်တံခါးကို လုပ်ပိုင်ခွင့်တစ်စုံတစ်ရာမတောင်းခံဘဲ ဖွင့်ခဲ့သည်များရှိခဲ့ဖူးကြောင်း ပြောခဲ့သည်။

တောင်ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက လေယာဉ်မြေပြင်၌ ရပ်တန့်ထားစဉ်(သို့မဟုတ်) လေယာဉ်ဆင်းသက်ခါနီး မြေပြင်အနီးရောက်လာချိန်တို့၌ လေယာဉ်အတွင်းနှင့်အပြင် ဖိအားတူညီနေ၍ လေယာဉ်၌ အရေးပေါ်တံခါးကိုဖွင့်၍ ရနိုင်ဖွယ်ရှိကြောင်းပြောခဲ့သည်။

Ref—–The Japan News

Leave a Reply

Your email address will not be published. Required fields are marked *

Related News