April 26, 2024

၂၆. ၅. ၂၀၂၃
Written by Pan Ei

Elon Musk ရဲ့ Neuralink ဟာ လူသားတွေရဲ့ ဦးနှောက်ထဲမှာ စက်ပစ္စည်း( ချစ်ပ်ပြား) ထည့်သွင်းကာ စမ်းသပ်လေ့လာမှုအတွက် FDA ရဲ့ ခွင့်ပြုချက်ရရှိလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ဟာ Elon Musk ရဲ့ ဦးနှောက်အာရုံကြောနည်းပညာကုမ္မဏီ Neuralink ရဲ့ ပထမဆုံး လူသားချင်း လက်တွေ့ စမ်းသပ်မှုကို ကနဦးက ပယ်ချခဲ့ပေမဲ့ အခုအခါမှာတော့ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း မနေ့ (ကြာသပတေးနေ့) က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“FDA ရဲ့ ခွင့်ပြုချက်ဟာ ကျွန်ုပ်တို့ရဲ့ နည်းပညာက လူပေါင်းများစွာကို တစ်နေ့မှာ ကူညီနိုင်စေဖို့အတွက် အရေးကြီးတဲ့ ပထမခြေလှမ်းကို ကိုယ်စားပြုပါတယ်” လို့ Neuralink က တွစ်တာမှာ ပြောကြားခဲ့ပြီး လေ့လာမှုရဲ့ ရည်ရွယ်ချက်တွေကို မဖော်ပြထားသေးဘဲ အသေးစိတ်အချက်အလက်တွေကို မကြာမီမှာ ထုတ်ပြန်ပေးသွားပါမယ်လို့သာ ပြောကြားခဲ့ပါတယ်။

ဦးနှောက်အတွင်း စက်ပစ္စည်း( ချစ်ပ်ပြား) အစားထိုး ကုသမှုဟာ အဝလွန်ခြင်း၊ အော်တစ်ဇင်ရောဂါ၊ စိတ်ကျရောဂါနဲ့ စိတ်ကစဉ့်ကလျားရောဂါအပြင် တယ်လီပသီများကိုလုပ်ဆောင်နိုင်စေခြင်း အပါအဝင် အခြေအနေများစွာကို ကုသပေးနိုင်တယ်လို Elon Musk က ယူဆထားပြီး သူဟာ စက်ပစ္စည်းတွေရဲ့ ဘေးကင်းမှုကို အလွန်ယုံကြည်စိတ်ချတာကြောင့် သူ့ရဲ့ကလေးတွေမှာပါ ထည့်သွင်းလိုကြောင်း ပြောကြားခဲ့သလို အဆိုပါ သတင်းဟာ အရင်နှစ်ကုန်ပိုင်းက နိုင်ငံတကာရဲ့ ခေါင်းစီးသတင်းတွေမှာ ပါဝင်ခဲ့ပါတယ်။

Neuralink ရဲ့ အဆိုအရ ဦးနှောက်အတွင်း ချစ်ပ်ပြားထည့်သွင်းထားမယ်ဆို မျက်မမြင်မွေးလာသူတွေရဲ့ အမြင်အာရုံကို ပြန်လည်ကောင်းမွန်စေနိုင်ပြီး အကြောသေလို့ မလှုပ်ရှားနိုင်တဲ့သူတွေအတွက်လည်း ဦးနှောက်ကတစ်ဆင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ပြန်လည်ရရှိစေနိုင်တဲ့ ကောင်းကျိုးတွေ ရှိမယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေရဲ့အဆိုအရ FDA ဟာ လူသားစမ်းသပ်မှုတွေကို ဒဏ်ခတ်အရေးယူခြင်းမပြုမီ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ Neuralink အတွက် စိုးရိမ်မှုများစွာကို ထောက်ပြခဲ့ကြတယ်လို့ သိရပါတယ်။ စမ်းသပ်မှုရဲ့ အဓိကပြဿနာတွေအနေနဲ့ စက်ရဲ့ လီသီယမ်ဘက်ထရီ၊ ဦးနှောက်အတွင်း ထည့်သွင်းထားတဲ့ ဝါယာကြိုးတွေ နေရာရွေ့နိုင်ခြေနဲ့ ဦးနှောက်တစ်ရှူးတွေကို မထိခိုက်စေဘဲ စက်ပစ္စည်းကို ဘေးကင်းစွာ ပြန်လည်ထုတ်ယူဖို့စတဲ့ စိန်ခေါ်မှုတွေ ပါဝင်ပါတယ်။

Neuralink ရဲ့ စမ်းသပ်ချက်ဟာ လူသားတွေမှာ အသုံးပြုမှာဖြစ်ပြီး အန္တရာယ်များတာကြောင့် FDA ဟာ ကနဦးခွင့်ပြုခြင်းမရှိခဲ့ပေမဲ့ အခုခွင့်ပြုချက်ရရှိပြီးနောက် ဆက်လက်လုပ်ဆောင်မှုတွေမှာ အကျိုးကျေးဇူးများသလို ဘေးထွက်ဆိုးကျိုးလည်းရှိနေနိုင်တာကြောင့် စောင့်ကြည့်သွားရမယ့် နည်းပညာတစ်ခုဖြစ်တယ်ဆိုလည်း မမှားပါဘူး။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *