ရခိုင်ပြည်နယ်တွင်ကျောင်းအပ်လက်ခံနေမှုမြင်ကွင်း

၂၆. ၅. ၂၀၂၃
Written by Tha Doe

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်၍ ကျောင်း အဆောက်အဦများ ပျက်စီးသွားသောကြောင့် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မှု ရှိ/မရှိ ၊ ကျောင်းများပြန်လည်တည်ဆောက်ရေး အပိုင်းကဏ္ဍများ ဆောင်ရွက်နေပြီး ဇွန်လ ၁ ရက်တွင် ကျောင်းပေါင်း ၂၄၁၀ ဖွင်လှစ်မည်ဖြစ်ကာ ဇွန်လတတိယအပတ်တွင် ကျန်ကျောင်းများ ဆက်လက်ဖွင့်လှစ်ရန် စီစဥ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြောကြားသည်။

“တစ်နိုင်ငံလုံးက ကျောင်းတွေကို ဇွန်လ ၁ ရက်မှာ ဖွင့်မယ်။ ရခိုင်ပြည်နယ်မှာတော့ ဇွန်လ ၁ ရက်မှာ ဖွင့်မဲ့ကျောင်းနဲ့ တတိယအပတ်မှာ ဖွင့်မဲ့ကျောင်းဆိုပြီး အုပ်စုနှစ်ခုခွဲ ဖွင့်လှစ်မှာဖြစ်တယ်။ ရခိုင်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတယ်။ အဲဒီမှာ အထကကျောင်းပေါ့။ အထက်တန်းကျောင်းက ၄၈၇ ကျောင်းရှိတယ်။ အလယ်တန်းကျောင်းက ၁၁၇၁ ကျောင်း ရှိပါတယ်။ မူလတန်းအဆင့်သင်ကျောင်းက ၁၅၃၅ ကျောင်းရှိပါတယ်။ ကျောင်းပေါင်း ၃၁၉၃ ကျောင်းရှိပါတယ်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ကျောင်းများပျက်စီးခဲ့တာရှိတယ်။ ကျောင်းအဆောက်အအုံပျက်စီးခဲ့တာရှိတယ်။ အဲဒီအထဲကနေမှ ဇွန်လ ၁ ရက်နေ့မှာ ကျောင်းပေါင်း ၂၄၁၀ ကို ဖွင့်လှစ်သွားမှာဖြစ်တယ်။ ရခိုင်မှာရှိတဲ့ကျောင်းတွေရဲ့ ၇၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်မှာ ဖွင့်လှစ်သွားပါမယ်။ ကျန်တဲ့ကျောင်းတွေကိုတော့ ဇွန်လ တတိယပတ်မှဖွင့်မှာဖြစ်ပြီး ဇွန်လ တတိယအပတ်မှာတော့ ကျောင်းအားလုံးရာနှုန်းပြည့်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ကျောင်းများအားလုံးမှာ ပြင်ဆင်ရမှုကြီးမားသော်လည်း ကျောင်းများအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကြိုးစားလုပ်ကိုင်နေပြီး နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“စစ်တွေမှာဆို အထကကျောင်း ၁၁ ကျောင်းရှိတယ်။ အထကကျောင်းခွဲက ၆ ကျောင်းဆိုတော့ ၁၇ ကျောင်းရှိတယ်။ အဲဒီမှာ ပြန်လည်ပြင်ဆင်နေရတာရှိတယ်။ ဒီနေ့အထိဆိုရင် ၆၀ ရာခိုင်နှုန်းကျော်ပြီးပြီ။ သန့်ရှင်းရေးအားလုံးလုပ်ပြီးပြီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းသားမိဘများ ကျောင်းသားကျောင်းသူများအနေနဲ့ ကျန်တဲ့ပြည်နယ်တွေလိုပဲ ကျောင်းများကို အချိန်မီတက်ရောက်နိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီ့အတွက်လည်း ပြင်ဆင်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေပါတယ်။ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပညာရေးကဏ္ဍအလေးထားဆောင်ရွက်နေတာနဲ့အညီ ကျောင်းများ အချိန်မီတက်ရောက်နိုင်ရေး၊ ကျောင်းသုံးစာအုပ်တွေ အချိန်မီရောက်ရှိရေး၊ ကျောင်းများအချိန်မီအပ်နှံနိုင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး အလေးထားဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *