April 20, 2024

အမေရိကန်အစိုးရ၏ အမြင့်ဆုံးချေးငွေပမာဏ မြှင့်တင်ရန်အတွက် ဆွေးနွေးပွဲအပြီး မေလ ၂၅ ရက်ညနေပိုင်းတွင် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက္ကာသီ က ကွန်ဂရက်အဆောက်အအုံရှေ့တွင် သတင်းထောက်များနှင့်တွေ့ဆုံပြောကြားစဉ်

၂၆. ၅. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်အစိုးရ၏ အမြင့်ဆုံးချေးငွေပမာဏ မြှင့်တင်ရန်အတွက် အိမ်ဖြူတော်တာဝန်ရှိသူတို့နှင့် ရီပတ်ဘလစ်ကန်အမတ်များအကြား ဆွေးနွေးမှုက မေလ ၂၅ ရက် ညနေအထိ တစ်စုံတစ်ရာ အဖြေ မရသေးသော်လည်း နှစ်ဖက်စလုံးကပင်နီးစပ်မှုအလားအလာရှိနေပြီဖြစ်ကြောင်း မေလ ၂၅ ရက် ဆွေးနွေးပွဲများအပြီး ပြောကြားခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ကြွေးမြီ ဒေါ်လာ ၃၁ ဒသမ ၄ ထရီလျံသာ အမြင့်ဆုံးချေးယူခွင့်ရှိသော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင်ပင် ကြွေးမြီဒေါ်လာ ၃၁ ဒသမ ၅ ထရီလျံအထိ ဖြစ်လာနေ၍ အမြင့်ဆုံးချေးငွေပမာဏမြှင့်တင်ရန် ဆွေးနွေးနေရခြင်းဖြစ်သည်။

မေလ ၂၅ ရက်ညနေတွင် သဘောတူညီချက်တစ်စုံတစ်ရာမရဘဲ ဆွေးနွေးပွဲကျင်းပရာ ကွန်ဂရက် အဆောက်အအုံမှပြန်လည်ထွက်ခွာလာသော အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက္ကာသီက အပြီးသတ်သဘောတူညီမှုကို မရရှိသေးကြောင်း၊အစိုးရအဖွဲ့နှင့် အပေးအယူပြုမှုများ ပြုလုပ်လျက်ရှိကြောင်း၊ သို့သော် သဘောတူညီမှုတစ်ခုရရှိရန်ဆိုသည်က လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း သတင်းထောက်များသို့ ပြောခဲ့သည်။

နှစ်ဖက်စလုံးနှင့် ရင်းနှီးမှုရှိသော သတင်းအရင်းအမြစ်များကလည်း သဘောတူညီမှုရရန် နီးစပ်လာပြီ ဟုဆိုရမည်ဖြစ်ကြောင်း၊ အစိုးရ၏ အမြင့်ဆုံးချေးငွေပမာဏ မြှင့်တင်ရန်အတွက် တစ်ဖက်တွင် အစိုးရကုန်ကျစရိတ်များကို ကန့်သတ်မှုများပြုရန် ဆွေးနွေးလျက်ရှိကြကြောင်း မေလ ၂၅ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။ အလားအလာရှိသော ရရှိနိုင်သည့် သဘောတူညီမှုအရဆိုလျှင် အစိုးရ၏ အမြင့်ဆုံး ချေးငွေပမာဏကို နှစ်နှစ်ကာလအတွက် မြှင့်တင်မည်ဖြစ်ကာ ထိုကာလအတွက်ပင် ကာကွယ်ရေးနှင့် စစ်မှုထမ်းဟောင်းတို့အတွက် ကုန်ကျစရိတ်များမှအပ ကျန်အစိုးရအဖွဲ့ ကုန်ကျစရိတ်များကို ကန့်သတ်သွားမည်ဖြစ်သည်။ ထိုအတွက်အသေးစိတ်ကို နှစ်ဖက်ဆွေးနွေးတွက်ချက်နေကြသည်ဟုလည်း ဆိုသည်။

ဆွေးနွေးပွဲနောက်ဆုံးသတင်းများက အထက်ပါအတိုင်း အစိုးရ၏ အမြင့်ဆုံးချေးငွေပမာဏ မြှင့်တင်ရန် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟုဆိုသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြွေးမြီများတရားဝင်ပေးဆပ်ရန်နောက်ဆုံးရက်ဖြစ်သော ဇွန်လ ၁ ရက်က အလွန်နီးကပ်လာပြီဖြစ်သည်။ သို့ရာတွင် သဘောတူညီချက်အတွက် လက်တွေ့တိုးတက်ရရှိမှုမရှိသေးသော‌ကြောင့်လည်း တစ်ဖက်တွင် သတိပေးမှုများ ပေါ်ထွက်လာသည်ကို တွေ့ရသည်။

ကြွေးမြီနှုန်းထားအဆင့်သတ်မှတ်ရေး အမေရိကန်၏ ထိပ်တန်းအေဂျင်စီတစ်ခုက အကယ်၍ ကွန်ဂရက်အမတ်များအနေဖြင့် လက်တွေ့အရေးယူဆောင်ရွက်နိုင်မှုမရှိကြလျှင် အမေရိကန်ကြွေးမြီနှုန်းထားအဆင့်သတ်မှတ်မှုကို လျှော့ချရလိမ့်မည်ဟု မေလ ၂၄ ရက်က သတိပေးပြောကြားခဲ့သည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *