April 20, 2024

၂၆. ၅. ၂၀၂၃
Written by Ye Kyaw

ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ ရောင်းဝယ်လိုသည့် နိုင်ငံခြားငွေပမာဏကို ဘဏ်စနစ်ဖြင့်သာ ပေးချေရမည်ဖြစ်ပြီး နိုင်ငံခြားငွေများကို ဈေးကွက်ပေါက်ဈေးထက် ပိုမိုရောင်းဝယ်မှုပြုလုပ်သည့် ပြည်တွင်းဘဏ်များကို အရေးယူသွားမည်ဖြစ်ကြောင်း မေလ ၂၅ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ပို့ကုန်လုပ်ငန်းရှင် (Exporter) နှင့် သွင်းကုန်လုပ်ငန်းရှင် (Importer) များအနေဖြင့် လိုင်စင်ခွင့်ပြုချက်နှင့်အညီ ဘဏ်စနစ်ဖြင့်သာ ပေးချေမှုများဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာကျပ်နှင့် နိုင်ငံခြားငွေရောင်းဝယ်ခြင်း၊ Trade Financing များကို ဘဏ်များမှတစ်ဆင့်ရယူနိုင်ကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလအတွင်း ဘဏ်သို့ ရောင်းချခြင်းမရှိပါက သတ်မှတ်စည်းမျဉ်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပို့ကုန်ရငွေ (Export Earning) ပြန်လည်ဝင်ရောက်မှုအခြေအနေများနှင့် ဆက်စပ်၍လည်းကောင်း၊ ဘဏ်များမှငွေသားထုတ်ယူမှု ကန့်သတ်ချက်များရှိသည်ဟုလည်းကောင်း သတင်းများထုတ်လွှင့်၍ ငွေကြေးစနစ်မတည်ငြိမ်အောင် ဆောင်ရွက်နေမှုများနှင့် ကောလာဟလများဖြင့် ဈေးကစားခြင်းများ၊ ဈေးကွက်ပေါက်ဈေးထက် ပိုမိုရောင်းဝယ်ခြင်းများ မကြာခဏတွေ့ရသဖြင့် ယင်းကဲ့သို့ ဆောင်ရွက်မှုများတွင် ပြည်တွင်းဘဏ်များမှ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း ‌ထုတ်ပြန်ထားသည်။

ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့်လည်း ရောင်းဝယ်လိုသည့်ပမာဏကို ဘဏ်စနစ်မှ တစ်ဆင့်ဆောင်ရွက်ရန်နှင့် ဘဏ်များအနေဖြင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၏ နိုင်ငံခြားငွေ လိုအပ်ချက်များကိုစောင့်ကြည့်ပြီး ပံ့ပိုးပေးရန် အဆင်သင့်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် USD Liquidity နှင့် MMK Liquidity ကို ဘဏ်များမှတစ်ဆင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များကို ပံ့ပိုးလျက်ရှိကြောင်း သိရသည်။

ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များမှတစ်ဆင့် လိုအပ်ချက်ကို တင်ပြနိုင်သောကြောင့် ကောလာဟလများဖြင့် ဈေးကစားခြင်းပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဘဏ်များ၏ ငွေရေးကြေးရေးအခြေအနေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၃ လတစ်ကြိမ် ငွေရေးကြေးရေး ကိန်းဂဏန်းဆိုင်ရာ အစီရင်ခံစာများထုတ်ပြန်ပြီး အသိပေးလျက်ရှိသည်။ ပို့ကုန်နှင့် သွင်းကုန်များအတွက် ပေးချေမှုများကို ဘတ်နှင့်ယွမ်များဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခွင့်ပြုပြီးဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပပေးချေမှုများ အဆင်ပြေစွာပေးချေ ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News