March 29, 2024

၂၄. ၅. ၂၀၂၃
Written by Pan Ei

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ လီယွန်နယ်မက်ဆီရဲ့ဦးဆောင်မှုနဲ့အတူ လာမယ့်လအတွင်း တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ ဩစတေးလျအသင်းနဲ့အတူ ခြေစမ်းပွဲကစားသွားမှာဖြစ်တယ်လို့ သိရပြီး မက်ဆီအနေနဲ့ ခြောက်နှစ်အတွင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ကာ လက်မှတ်တွေလည်း အမြောက်အမြားရောင်းချရဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

အာဂျင်တီးနားအသင်းဟာ ဇွန်လ ၁၅ ရက်မှာ ဩစတြေးလျအသင်းနဲ့ ခြေစမ်းပွဲကစားသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံမှာရှိတဲ့ အာဂျင်တီးနားသံရုံးက အတည်ပြုပြောကြားခဲ့ပြီး မက်ဆီအနေနဲ့ လာမယ့်လမှာ တရုတ်ပြည်ကို လာရောက်လည်ပတ်တာဟာ သတ္တမအကြိမ်မြောက် ဖြစ်မှာပါ။

မက်ဆီဟာ ဘောလုံးပရိသတ်အများအပြားရှိတဲ့ တရုတ်နိုင်ငံကို အရင်လာရောက်လည်ပတ်မှုတိုင်းမှာ ပရိသတ်တွေဆီက ကြီးကြီးမားမား ကြိုဆိုမှုတွေကို ရရှိခဲ့ပြီး သူ့ရဲ့ပထမဆုံးတရုတ်ခရီးစဉ်ကတော့၂၀၀၅ ခုနှစ်က အာဂျင်တီးနားနဲ့ သူ့ရဲ့အသင်းဟောင်း ဘာစီလိုနာအတွက် ခြေစမ်းပွဲကစားဖို့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ အာဂျင်တီးနားအသင်း တရုတ်နိုင်ငံမှာ လာရောက်ယှဉ်ပြိုင်ကစားမယ့် သတင်းဟာ တရုတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ပရိသတ်အများအပြားက ပွဲကြည့်ဖို့ စိတ်အားထက်သန်စွာနဲ့ စောင့်ဆိုင်နေကြကာ “ကျွန်တော် လက်မှတ်ရရင် တစ်နှစ်ပတ်လုံး ရည်းစားမရရင်တောင် စိတ်မဝင်စားတော့ဘူး” လို့ ပရိသတ်တစ်ဦးက ဆိုရှယ်မီဒီယာမှာ မှတ်ချက်ပေးခဲ့ပါသေးတယ်။

ဩစတေးလျနဲ့ အာဂျင်တီးနားတို့ဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီး အာဂျင်တီးနားအသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

မက်ဆီဟာ ဒီရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မက်ဆီနဲ့ နီးစပ်သူတစ်ဦးက ဆော်ဒီအာရေးဗျကလပ် Al-Hilal ကို လာမယ့်ရာသီမှာ ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှုတစ်ခု လက်ခံရရှိထားကြောင်းလည်း ပြောကြားခဲ့သလို ဖခင်ဖြစ်သူကတော့ မက်ဆီက စာချုပ်လက်မှတ်ရေးထိုးတာတွေ သဘောတူညီထားတာတွေတော့ မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *