April 26, 2024

၂၄. ၅. ၂၀၂၃
Written by Nyein Kyaw

ကမ္ဘောဇဘဏ်အနေဖြင့် ငွေသားထုတ်ယူရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် မေလ ၂၃ ရက်မှစတင်၍ ၎င်း၏ ATM စက်များ၌ တစ်ရက်လျှင် ငွေသားအများဆုံး ကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မေလ ၂၄ ရက်တွင် အသိပေးကြေညာထားသည်။

ကမ္ဘောဇဘဏ် ပုံမှန်အကောင့်ဟောင်း MPU Debit (ATM Card) မှ တစ်ရက်လျှင် ငွေသားအများဆုံး ကျပ် ၁၀ သိန်းနှင့် တစ်ပတ်လျှင် ငွေသားအများဆုံး သိန်း ၂၀ အထိကို ရန်ကုန်မြို့ရှိ ဘဏ်ခွဲပေါင်း ၈၄ ခုတွင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

“ATM ကနေ ၁၀ သိန်းအထိ ထုတ်လုပ်ရပြီဆိုရင်တော့ ပိုကောင်းတာပေါ့။ အခုက သုံးသိန်းပဲ ထုတ်လိုရတော့ လစာထုတ်ရင် K-pay ဆိုင်သွားထုတ်ရတော့ ဝန်ဆောင်ခထပ်ပေးရတယ်။ ဒါကတော်သေးတယ်ပြောရမယ်။ အရင်ကဆို ကိုယ့်ပိုက်ဆံနဲ့ကိုယ်ကို ရာခိုင်နှုန်းတွေ ပေးထုတ်ခဲ့ရတာ” ဟု KBZ ATM ကတ်အသုံးပြုသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

၂၀၂၁ နှစ်ဆန်းပိုင်းတွင် ဘဏ်များတွင် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုမရှိခြင်း၊ ATM စက်များတွင်လည်း လိုအပ်ချက်အတိုင်း ငွေသားထုတ်ယူနိုင်မှု မရခြင်းများကြောင့် ဘဏ်များအပေါ် ပြည်သူများ ယုံကြည်မှုလျော့ကျခဲ့သည်။

ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူရန် ကြိုတင် စာရင်းပေးသွင်းရန်လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်တွင် ဘဏ်အချို့ စတင်ပြန်လည်ဖွင့်လှစ်ခဲ့သည့်အချိန်တွင် ပုဂ္ဂလိကဘဏ်များ၏ ATM စက်များ ငွေသားထုတ်ယူမှုပမာဏမှာ KBZ ဘဏ်က တစ်ရက် လူတစ်ဦး ကျပ်နှစ်သိန်း၊ ရိုးမဘဏ်က ကျပ်သုံးသိန်း၊ CB ဘဏ်က ကျပ်သုံးသိန်း၊ AGD ဘဏ်က ကျပ် တစ်သိန်းခွဲ စသည်ဖြင့် အသီးသီးထုတ်ပြန်ပြီးနောက် ATM စက်များတွင် ‌‌ငွေသားထုတ်ယူရန် လူတန်းရှည်ကြီးများ ဖြစ်ပေါ်ခဲ့သည့်အပြင် နေရာဦးခအဖြစ် တစ်နေရာကို ကျပ်သောင်းဂဏန်း ပေးခဲ့ရသည့် ‌အခြေအနေများဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ကျပ်ငွေအချင်းအချင်း ရာခိုင်နှုန်းတစ်ခုပေး၍ ငွေသားထုတ်ယူခဲ့ရပြီး ရာခိုင်နှုန်း ၅ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း စသည်ဖြင့် ရာခိုင်နှုန်းအများအပြားပေး၍‌ ကျပ်ငွေအချင်းချင်းလဲလှယ် ထုတ်ယူခဲ့ရသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News