
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဥ် (Photo-Commerce)
၂၃. ၅. ၂၀၂၃
Written by Ye Kyaw
လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်မှ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်ခြင်းမရှိသော်လည်း အခြားကုန်စည်များကို တင်ပို့လျက်ရှိပြီး တစ်ရက်လျှင် ကုန်ကားအစီးရေ ၂၀၀ ဝန်းကျင်ဖြင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိကြောင်း မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ သိရသည်။
“ဆန်နဲ့ ဆန်ကွဲက လုံးဝမသွားနိုင်ဘူး။ အခြားကုန်ပစ္စည်းတွေက သွားပါတယ်။ ဘာတွေ သွားလဲဆိုတော့ ရော်ဘာသွားတယ်။ ရေထွက်ပစ္စည်းသွားတယ်။ စားကုန်သောက်ကုန်ပစ္စည်းသွားတယ်။ သစ်သီးကတော့ ဖရဲသီးနဲ့ ကြံကတော့ မသွားတော့ဘူး။ ဒီအချိန်က သရက်သီးပေါ်တော့ သရက်သီးနည်းနည်းသွားပါတယ်။ မြန်မာကနေ တရုတ်ကို ကုန်ကားအစီးရေ ၁၅၀ လောက်ပုံမှန်သွားတယ်။ တရုတ်ကနေ မြန်မာကို ကုန်ပစ္စည်းမျိုးစုံတင်ထားတဲ့ကား အစီးရေ ၅၀ လောက်ဝင်ပါတယ်။ တစ်ရက်ကို အစီးရေ ၂၀၀ လောက် အဝင်အထွက်ရှိပါတယ်။ တွဲကားပေါ့” ဟု မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစန်ခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နယ်စပ်မှ ဆန်တင်ပို့မှုလျော့ကျခဲ့ခြင်းက ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်မှစတင်၍ နယ်စပ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ရရှိသည့်ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲလှယ်ရန်သတ်မှတ်ခဲ့ပြီး ၃၅ ရာခိုင်နှုန်းကိုသာ ပြင်ပပေါက်ဈေးဖြင့် လဲလှယ်ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“အရင် နယ်စပ်ကနေ လစဥ်တန်ချိန် ငါးသောင်းကျော်ရှိတယ်။ ဖေဖော်ဝါရီလအထိပေါ့။ မတ် ၁ ရက်ကနေစပြီးတော့ တင်ပို့မှုကျသွားတာ။ နယ်စပ်က ဆန်တင်ပို့မှုတက်လာဖို့က ဧပြီလမှာလည်း မရှိနိုင်ဘူး။ မေလမှာလည်း မပြောတတ်သေးဘူး” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အစ တစ်လအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ကျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီ၊ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာသန်း ၄၃၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၉၀ ကျော် ပိုမိုဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။